ကျွန်တော် ဒီနောက်ဆုံးအိမ်မက်ဆို တဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတွေရေးခဲ့တာ ဒီတစ်ကြိမ်ဆို အမှတ်စဉ် ၆ ဖြစ်ခဲ့ပါပြီ။ အမှတ်စဉ် (၃) လောက်ကတည်းက ဒီတစ်ပုဒ်ပြီး ရင် မရေးတော့ဘူးလို့ တွေးခဲ့တယ်။ ကျွန်တော့် ရင်ထဲမှာ နာလို့ပါ။ တကယ်တော့ ဒီ မဆုံးသေး သည့် နောက်ဆုံးအိမ်မက်ဆိုတဲ့ ဆောင်းပါးကိုက ကျွန်တော်အသက် ၁၈ နှစ်သား အရွယ်ကစလို့ ဒါမှမဟုတ် လူငယ်တစ်ယောက်ရဲ့ လန်းဆန်း တက်ကြွနေရမယ့် ဘဝအစမှာ ကျွန်တော် ကိုယ်တိုင် ခါးသီးစွာ ဖြတ်သန်းခဲ့ရတဲ့ အပိုင်းအစ တွေကို ပြန်လည်တူးဆွသလိုလဲ ဖြစ်ရလို့ အဲဒီတုန်းကနဲ့ ထပ်တူထပ်မျှ ပြန်ခံစားရလို့ပါ။
မရေးပြန်တော့လဲ ကျွန်တော့်အိမ်မက်တွေ က ညတွေမှာ ဝင်လာနှောင့်ယှက် နေကြ ပြန်တော့ ဆက်ကာ ဆက်ကာ ရေးချမိရပြန်တယ်။ ဒါ မဆုံးသေးတဲ့ ကျွန်တော်ရဲ့ နောက်ဆုံး အိမ် မက်(၆) ဒါမှမဟုတ် အခုခေါင်းစဉ်ပေးတဲ့ အတိုင်း “လူဖြစ်ရပေတို့တစ်တွေသည် သေသော်မှတည့် သြော် ကောင်း၏ပေါ့”။
ဒီဆောင်းပါးအတွက် အခုခေါင်းစဉ်ကလွဲလို့ အခြား စဉ်းစားမရခဲ့ဘူး။ တကယ်တော့ ဒီခေါင်းစဉ်က ဗြိတိသျှလက်အောက် သူ့ကျွန်ဘဝမှာ ဆီးဘန်နီ ဆရာတော်ကြီး မချိတင်ကဲနဲ့ မျိုးချစ်စိတ် တက် ကြွရေး၊ သူ့ကျွန်အဖြစ်က လွတ်မြောက်ရေးအတွက် ရေးဖွဲ့ခဲ့တဲ့ ကဗျာလဲ ဖြစ်ပါတယ်။
ကျွန်တော်တို့ထက် အသက်ကြီးတဲ့ မျိုးဆက်တွေနဲ့ ကျွန်တော်တို့အရွယ်တွေ သိပြီး ဖြစ်ချင်ဖြစ်ပေ မယ့် နောက်ထပ် လူငယ်မျိုးဆက်သစ်တွေထဲက မသိသေးသူတွေရှီရင် ဖတ်ရအောင် ဆရာတော် ကြီး ရေးသားတဲ့ ကဗျာလေးကို အရင်ဖေါ်ပြပေး ချင်ပါတယ်။
ထီးသုဉ်း.နန်းသုဉ်း
မြို့သုဉ်း သုည
သုဉ်း သုံးဝဖြင့်
သုဉ်းရပြန်လစ်
သုညခေတ်ဝယ်
ဖြစ်လာရလေ တို့တစ်တွေသည်
သေသော်မှတည့် အော်ကောင်း၏။
ဆီးဘန်နီဆရာတော်

ဆရာတော်ကြီးကတော့တိုင်းပြည်ရဲ့လွတ်လပ်ရေး ဆုံးရှုံးခဲ့ရတဲ့ အခြေအနေမှာ လူဖြစ် လာရတဲ့ သူ တို့တွေရဲ့ ဘဝဟာ လွတ်လပ်ရေး အတွက် ကြိုး ပမ်းရင်းနဲ့ သေသွား ရင်တောင် မှ ကောင်းပါသေး တယ်လို့ ဆိုလိုခဲ့တာပါ။
ကျွန်တော်တို့ ယနေ့ခေတ်မှာ လူဖြစ်လာရတဲ့ သူတွေအတွက်“သေသော်မှတည့် သြော်ကောင်း၏” ဆိုတဲ့ အခြေအနေက ဘယ်လိုများဖြစ်နေ ပါသလဲဆိုတာ ရှင်းပြချင်ပါတယ်။
ကျွန်တော် စာသင်နေတဲ့ ကျောင်းတစ် ကျောင်းမှာ မျက်မှန်း တမ်းမိနေတဲ့ ကလေးမလေး တစ်ယောက်ကို တစ်ခါမှာ စကားစပ်မိလို့ မေးခွန်းတစ်ခုနှစ်ခုမေးမိပါတယ်။ သူမျက်နှာကို ကြည့်လိုက်ရင် အမြဲပြုံးနေတတ်တဲ့ ကလေးမလေးပါ။ သမီးတို့က ဘယ်ဇာတိလဲ။ သမီးအဖေက ဘာလုပ်လဲ။ သူက ကရင်ပြည်နယ် ရွာလေးတစ်ရွာကို ပြောရင်း သမီး အဖေက ဗမာစစ်တပ် သတ်လို့ သေပြီတဲ့။ ဒီ ပြုံးနေတဲ့ မျက်နှာလေးရဲ့ ရင်ထဲမှာ ဒဏ်ရာတွေ ရှိလိမ့်မယ်လို့ ထင်မထားမိတဲ့ ကျွန်တော် ကိုယ်တိုင် ဂျီသရီးနဲ့ ပစ်ခံရသလို ခံစားလိုက် ရပါတယ်။
“သြော်ကလေးရယ် … မင်းအဖေကိုသတ်တယ်ဆိုတဲ့ ဗမာစစ်တပ်ထဲမှာ တိုင်းရင်းသားတွေလဲ အများကြီး ပါတယ်ဆိုတာ မသိလေသလား။ မင်းအဖေကိုသတ်သွားတဲ့ စနစ်ဆိုးဟာ စစ်အာဏာရှင် စနစ်သာ ဖြစ်တယ်ဆိုတာ စာသင်ခန်းထဲမှာ မင်းမှသင်ခွင့် မရသေးပဲနော်။”
နောက်တစ်ယောက်က ကျွန်တော်နဲ့ သက်တူရွယ်တူလောက် အမျိုးသမီးတစ်ဦးပါ။ အင်္ဂလိပ် စာတော်ပြီး အခြား အရည်အချင်းတွေ အများကြီး ရှိပေမယ့် အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုမှာ ကျွန်တော်တို့နဲ့ စကားပြောကြတော့ သူ မြန်မာစကား လည်လည်ပတ်ပတ် မပြောတတ်တဲ့ အပေါ် သူက “ကျွန်မ ဗမာလို ကောင်းကောင်း မတတ်ဘူးနော်။ ဒါပေမယ့် ကျွန်မကြိုးစား ရှင်းပြ မယ် ။ ကျွန်မကိုလည်း နားလည်ပေးနော်။ ကျွန်မတို့ ငယ်ငယ်က စာကောင်းကောင်း သင်ခွင့် ရခဲ့ တာ မဟုတ်ဘူး။ ဗမာတွေ ကျွန်မတို့ရွာထဲကို ဝင်တော့ အဖွားနဲ့ ကျွန်မက ထွက်ပြေးရတယ်။ ကျွန်မ အသက်က အဲဒီတုန်းက လေးနှစ် ၊ အဖွားက ကျွန်မရဲ့ ညီမလေးကိုချီ ကျွန်မလက်ကို ဆွဲပြီးပြေးကြရင်း ကျွန်မလက်လွတ်ပြီးကျန်ခဲ့တယ်။ ကျွန်မလဲပြေးတာပဲ။ အဲဒီလိုပြေးနေကြရတော့ ငယ်ငယ်က ကျောင်းကောင်းကောင်း မတက်ခဲ့ရဘူး။ ဒီလိုအခြေအနေရောက်အောင် ကျွန်မ မနဲ ကြိုးစားခဲ့ရတာ” တဲ့။
၁၈နှစ်သားထဲ ဘဝနဲ့ ရင်းခဲ့ရတာလို့ ဆောင်း ပါး အစမှာ ကြီးကြီးကျယ်ကျယ် ပြောထားမိတဲ့ ကျွန်တော် တွန့်သွားတယ်။ အဲဒီအချိန်က လေးနှစ် သမီးလေး အဘွားနဲ့ စစ်ပွဲထဲမှာ ကွဲတော့ ဘယ်လိုများ အသက်ရှင်အောင် လှုပ်ရှားပါသလဲ ဆိုတာ ကျွန်တော် မစဉ်းစား တတ်ဘူး။ အဲဒီတုန်းက ခင်ဗျား အဖေတွေ အမေတွေ ဘယ်ရောက် နေလဲလို့လဲ ကျွန်တော် မ မေးရဲဘူး။ မကြားရဲတာလဲ ဖြစ် နိုင်ပါတယ်။
တိုင်းရင်းသားတွေနဲ့ အတိုက် အခံ အင်အားစုတွေ မပါဝင် နိုင်အောင် တစ်ဖက်သတ် ရေးဆွဲ ထားတဲ့ အခြေခံ ဥပဒေနဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲကိုသာ ဇွတ်လုပ်ရင် အလုံးစုံ ထိပ်တိုက် ရင်ဆိုင်ပွဲတွေပဲ ဖြစ်လာမယ်လို့ ကျွန်တော်ရေးဘူးတယ်။ တစ်ခြား ရေးကြပြောကြတာလဲ ဖတ်ဘူးတယ်။ ရွေးကောက်ပွဲ ကျင်းပတဲ့ နိုဝင်ဘာလ (၇) ရက်နေ့ မဲတွေတောင် မရေရသေးခင်မှာပဲ မြဝတီက သေနတ်သံတွေ လက်နက်ကြီးသံတွေ ကြားလာရတယ်။ မြဝတီ-မဲဆောက် ကမ်းနားက မူလတန်းကျောင်း တစ်ကျောင်းကို လက်နက်ကြီး ကျည်ကျတယ်ဆိုလို့ ကျွန်တော်တို့ အပြေးအလွှား သတင်းစုံစမ်းရတယ်။ ကျောင်းထဲမှာ ကလေးတွေ ရှိတယ်လေ။ တော်ပါသေးရဲ့ လက်နက်ကြီးက ကျောင်းထဲက သစ်ပင်ကိုမှန်ပြီး အပေါ်မှာပဲ ကွဲခဲ့လို့။ အမှတ်တရအဖြစ် အစတစ်စပဲ စာသင်ခန်းထဲကို ဝင်လာတယ်။ စစ်ပွဲဆိုတာ ဒါပါပဲဆိုပြီး စာလာသင်တာလို့တော့ မထင်ချင်ပါဘူး။
အဲဒီ စာသင်ကျောင်းက ကလေးတွေကတော့ တော်သေးပေမယ့် မတော်နိုင်တဲ့ ဒုက္ခသည်တွေကတော့ ထောင်နဲ့ချီပြီး မဲဆောက် ဘက်ကမ်းကို ပြေးလာကြတယ်။ တစ်ချို့က လဲ သွေးသံရဲရဲ ၊ တစ်ချို့ကလဲ ကလေးတွေ အထုပ်အပိုးတွေ တိုးလို့တွဲလောင်းနဲ့ပေါ့။
စစ်ပွဲတွေ မကောင်းဘူးဗျာ။ တရားတဲ့ စစ်ပဲ ပြောပြော၊ မတရားတဲ့စစ်ပဲပြောပြော၊ ဆုံးရှုံးမှုတွေ နစ်နာခံစားကြရတဲ့ မြေစာပင်တွေက အများကြီးပဲ။ စစ်မတိုက်ကြနဲ့လို့ အခု လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားတွေကို ကျွန်တော်ကပြောရင် ကျွန်တော်တို့ကို လူမျိုးတုံးအောင် သန်းရွှေ စစ်တပ်က မသတ်ဘူးလို့ ခင်ဗျား အာမခံမလားလို့ မေးမှာပဲ။ ကျွန်တော်မပြောနဲ့ တကမ္ဘာလုံးမှာ ရှိတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကစလို့ တာဝတိံသာနတ်ပြည်က သိကြားမင်းကြီးတောင် အာမခံရဲမှာ မဟုတ်ဘူး။
တပ်မတော်သားတွေကို နဲနဲပြောချင်တယ်။ တပ်မတော်ကြီးကို မှန်ကန်တဲ့ ရည်မှန်းချက်တွေနဲ့ ဗိုလ်ချုပ်အောင်ဆန်း အပါအဝင်တပ်မတော် ခေါင်းဆောင်တွေက သူ့ကျွန်ဘဝက လွတ်မြောက်ရေးအတွက် ထူထောင်ခဲ့ကြတယ်။ အစဉ်အလာလဲ ကောင်းတယ်။ သမိုင်းလဲရှိတယ်။ ဖက်ဆစ်တော်လှန်ရေး ကာလမှာ တစ်တိုင်းပြည်လုံးက တိုင်းရင်းသားတွေအားလုံး တပ်မတော်နဲ့ လက်တွဲပြီး တိုက်ပွဲ ဝင်ခဲ့ကြတာ အထင်အရှားရှိတယ်။ အဲဒီကာလဟာ တိုင်းပြည်ရဲ့ အစည်းလုံး အညီညွတ်ဆုံး ကာလ တစ်ခုလဲဖြစ်ခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကိုယ်ကျိုးရှာတဲ့ တပ်မတော် ခေါင်းဆောင် တစ်ယောက်က စလို့ စစ် အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်ဖြစ်ခဲ့ရတယ်။ အခုလဲ ဦးသန်းရွှေရဲ့ မိသားတစ်စုနဲ့ လက်တစ်ဆုပ်စာ စစ်ခေါင်းဆောင်တွေ ဆက်လက် အာဏာ တည်မြဲရေးအတွက် ခင်ဗျားတို့ရဲ့ လခရိက္ခာအတွက် အခွန်ဘဏ္ဍာတွေပေးနေတဲ့ ထမင်းကျွေးနေတဲ့ ပြည်သူလူထုကို နှိပ်စက် သတ်ဖြတ်နေရတယ်။
တောကြိုအုံကြားမှာ မဝရေစားပြီး ယူနီဖေါင်း အစုတ်စုတ် အပြတ်ပြတ်နဲ့ တိုက်နေရတဲ့ လက်အောက်ငယ်သား စစ်သားတွေက ဒီသ တင်းတွေ ကြားချင်မှကြား ဖတ်ချင်မှ ဖတ်နိုင်မှာပါ။ ဒါပေမယ့်အနိမ့်ဆုံး စစ်ဗိုလ်အဆင့်တွေလောက်တော့ သိနိုင်ကြားနိုင် ကြပါတယ်။ ခင်ဗျားတို့ကို နားသွင်းထားတဲ့ တို့တာဝန် အရေးသုံးပါးဆိုတာ စစ်တပ် ထိပ်ပိုင်းခေါင်းဆောင် တစ်ချို့နဲ့ သူတို့ သားမယားတွေ ကောင်းစားရေးဆိုတာ။ အခု နယ်စပ်တွေမှာ အငတ်ငတ် အပြတ်ပြတ်နဲ့ မဝရေစာစားပြီး အသက်ဘေးကလွတ်အောင် ပြေး လွှားနေရတာ ခင်ဗျားတို့ ကာကွယ် စောင့်ရှောက် ပေး နေပါတယ်ဆိုတဲ့ ပြည်သူတွေပါပဲ။
ပြည်တွင်းမှာ ရှာဖွေလုပ်ကိုင်စားမရလို့ ဒီ ဘက်မှာ လာရှာစားနေကြတဲ့ လူတွေရဲ့ ဘဝ အကြောင်းတွေလဲ ပြောပြ ချင်သေးတယ်။
အကျယ်ချဲ့ ပြောမယ်ဆို မဆုံးနိုင်လောက်တဲ့ အနိုင်ကျင့်စော်ကားခံရတာတို့ ၊ ရောင်းစားခံရ တာတို့၊ ပိတ်လှောင်ခံရတာတို့ ၊ လစာမရတာတို့ ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတာတွေကလဲ အများကြီးပါပဲ။
အလုပ်အမျိုးအစားတွေကော ကြည့်ဦးမလား။ ရုံမယ်၊ အိမ်ဖေါ်၊ ဈေးကူ၊ ဆောက်လုပ်ရေး၊ စက် ရုံတွေ ၊ တောင်ယာနဲ့ လယ်ကွင်း ၊ ရှိသမျှ အလုပ် အမျိုးမျိုးမှာ မြန်မာတွေ မရှိတဲ့နေရာ မရှိပါဘူး။ ဖိနှိပ်ခံရတာတွေ ရှိသလို ကောင်းတဲ့ အလုပ် ရှင်တွေလဲ အများကြီး ရှိပါတယ်။ ဘယ်နေရာမှာ ပဲ လုပ်နေနေ သူတို့ အားလုံးကို မေးလိုက်ရင် အ ဖြေကတော့ တစ်ခုတည်း ပေးပါတယ်။ ပြည် တွင်းမှာ ရှာဖွေ စားသောက်ဖို့ မဖြစ်နိုင်လို့ပါတဲ့။ ဒါဟာခေတ်မှီ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံတော် ကြီးရဲ့ ရလဒ်တွေတဲ့လား။
နိုဝင်ဘာ ၁၃ ရက်မှာ ဒေါ်အောင်ဆန်းစု ကြည် ပြန်လွတ်လာတယ်။ လင်သားသေပြီး သားနှစ်ယောက်ကို မစောင့်ရှောက်နိုင်ပဲ သူ ကိုယ်တိုင် ၁၅နှစ်လောက် အချုပ်အနှောင်နဲ့ နေခဲ့ရ၊ သူ့ရဲ့ အသက်ကိုလဲ အလုပ်ကြံခံရလု နီးနီးနဲ့ သူ့ကို ချစ်ခင်ယုံကြည်တဲ့ လူတွေ ဒီပဲရင်း မှာ အသတ်ခံခဲ့တာတွေကို စကားမစပဲ ၊ အမျိုးသား ပြန်လည်လွတ်မြာက်ရေးပဲတဲ့။ တွေ့ ဆုံဆွေးနွေးအဖြေရှာရေး၊ ရင်ကြားစေ့ရေးတဲ့။ ဒုတိယပင်လုံတဲ့။ တိုင်းရင်းသားတွေကလဲ ဒီငြိမ်း ချမ်းရေး အောင်လံကို သူ့လက်အပ်ခဲ့တယ်။
ဒီလို ငြိမ်းချမ်းရေး ကမ်းလှမ်းချက်တွေကြား မှာ စစ်ခေါင်းဆောင်တွေကတော့ ခင်ဗျားတို့ကို နယ်စပ်စခန်းတွေမှာစစ်မီးတောက်တွေ မွှေးခိုင်းနေတယ်။ အခုဒီဆောင်းပါးထဲမှာ ဓါတ်ပုံ ထည့် ထားတဲ့ စစ်ပြေးဒုက္ခသည် ကလေးတွေဟာ ဘယ်သူ့ကြောင့် ဒုက္ခရောက် နေကြရ တာလဲ။ အဖြေရှိပါတယ်။ မသိချင်ယောင်ဆောင် နေကြ ရင်တော့ ကျွန်တော့်တို့ ပြည်သူတွေရဲ့ ခြောက် အိမ်မက်ဆိုးတွေလဲ ဆက်မက်နေရတော့မှာပဲ။ တိုင်းပြည်လဲ ဆင်းရဲတွင်းထဲနက်ဆဲ၊ လူတွေလဲ သူများနိုင်ငံမှာ ကျွန်ဖြစ် ၊ နယ်စပ်တွေမှာ လဲ……………။
ဒီပြည်သူတွေရဲ့ဘဝကတော့ဒီလို ခြောက် အိမ်မက်တွေမဆုံးသမျှ…….

 

“သေသော်မှတည့် သြော်……ကောင်း၏ ပါပဲ။”


ရွက်စိမ်း

(ဓါတ်ပုံများ ပို့ပေးခဲ့သော ALC မှ မိတ်ဆွေကို ကျေးဇူးတင်ပါသည်။)