Photobucket
Photobucket
မတ် ၂၅
ယမန်နေ့က အတင်းအဓမ္မ စစ်သားအဖြစ် စုဆောင်းခံခဲ့ရသည့် ၁၄နှစ်အရွယ် မောင်ဝေယံဖြိုး မိခင်လာရောက် တိုင်ကြားစဉ် ပဲခူးမြို့အခြေစိုက် လမ်းပြကြယ် ဦးမြင့်အေးက ယခုကဲ့သို့ မြန်မာ မိဘများအား သတိပေး ပြောကြားလိုက်ခြင်းဖြစ်သည်။
လမ်ပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးမြင့်အေးက “ မနေ့က ILO ကို တိုင်လိုက်ပြီးဖြစ်ပါတယ်။ လာမယ့် သင်္ကြန်မှာ ကလေးတွေ လမ်းပေါ်ထွက်ပြီး ပျော်ကြမယ်၊ ရေကစားကြမယ် အိမ်ပြန်တာ အချိန်လွန်ကောင်း လွန်မယ်ပေါ့။ ဒီအခါမှာ မိဘတွေက ကိုယ့်သားသမီးတွေ စစ်သားစုဆောင်းတဲ့ လူတွေလက်ထဲကို မရောက်အောင် အထူး သတိထားကြပါလို့ ကြိုတင် သတိပေးချင်ပါတယ်” ဟု ပြောဆိုသွားသည်။
ပဲခူးတိုင်း ဥက္ကံမြို့ ဦစိုးမြင့်နှင့် ဒေါ်ခင်မာလွင်တို့၏ အသက်၁၄နှစ်အရွယ် မောင်ဝေယံဖြိုးဆိုသည့် ကလေးငယ်၊ မိခင်နှင့် အတူ မွန်ပြည်နယ် ကျိက်ထိုမြို့အနီး ရာဘာခြံတစ်ခုတွင် အလုပ်လုပ် နေကြသူများဖြစ်သည်။ ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့က မိဘများ မရှိစဉ် ကျိက်ထိုအခြေစိုက် ခလရ(၂)မှ တပ်သားတင်ဇော်လင်း ကိုယ်ပိုင်အမှတ် တ/၄၃၉၄၈၉ ဆိုသူ ခေါ်ဆောင် သွားခဲ့ခြင်းဖြစ်သည်။ မိခင်ဖြစ်သူ ဒေါ်ခင်မာလွင်က “ကျမတို့ တပ်ထဲကို သွားရှာတဲ့ အခါ မရှိတော့ဘူးလို့ ပြောပါတယ်။ အဲဒီ တပ်သား တင်ဇော်လင်းလည်း ထွက်ပြေးသွားပြီးလို့ ပြောတယ်။ ဒီသားလေးနဲ့ အတူ လုပ်စားနေကြတာပါ” ဟု ပြောသည်။
၂၀၁၁ ခုနှစ်အတွင်း ယခု ရောက်ရှိလာသည့် ကလေးစစ်သား စုဆောင်းခံရမှုမှာ ၇ဦးမြောက်ဖြစ်ကြောင်း၊ တစ်ဦးကို ILO ကူညီပေးမှုကြောင့် မိဘ ရင်ခွင်သို့ ပြန်ပို့နိုင်ခဲ့ပြီးဖြစ်ကြောင်း လမ်းပြကြယ်အဖွဲ့ ခေါင်းဆောင် ဦးမြင့်အေးက ပြောသည်။