You are currently browsing the category archive for the ‘ထုတ်ပြန်ကြေငြာချက်’ category.

ဖေဖော်ဝါရီလ (၁၂)ရက်နေ့ အဖွဲ့ချုပ်ရုံးမှာ ပြုလုပ်တဲ့ (၆၄)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနား… (သတင်း၊ ဓာတ်ပုံ)

ဒီမိုဝေယံ ဝက်ဘ်ဆိုက်မှ
ရန်ကုန် ၊ဖေဖေဝါရီ ၁၂။
ပြညထောင်စုနေ့သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အရေးပါသော နေ့တစ်နေ့ဖြစ်ခဲ့ပါသည်။ ဗြိတိသျှတို့လက်အောက်မှ လွတ်မြောက်ရေး ကြိုးပန်းမှုတွင် အရေးပါသော ဆောင်ရွက်မှုတစ်ခုဖြစ်သည့် ပင်လုံစာချုပ်ကို မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းနှင့် တောင်တန်းဒေသ တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ကို ပြည်ထောင်စုနေ့ အဖြစ် သတ်မှတ် ကျင်းပခဲ့ကြပါသည်။
ပြည်ထောင်စုနေ့နှင့်ပါတ်သက်သော သဝဏ်လွှာတစ်စောင်ကို လက်ရှိကျင်းပနေသော ပြည်ထောင်စု လွှတ်တော်သို့ စစ်အုပ်စု၏ ခေါင်းဆောင်အဖြစ် ချုပ်ကိုင်ထားသေးသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သဝဏ်လွှာ တစ်စောင် ပေးပို့ခဲ့ပြီး ထိုသဝဏ်လွှာကို နအဖ၏ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီးဟောင်းနှင့် ယခုလက်ရှိ ဒုတိယသမ္မတ အဖြစ်ရွေးချယ်ခံထားရသူ သီဟသူရ တင်အောင်မြင့်ဦးက ဖတ်ကြား ပေးခဲ့ပါသည်။
ထိုသဝဏ်လွှာတွင် ဗိုလ်သန်းရွှေက မြန်မာနိုင်ငံတွင် ယခုအခါ မျှတသော အခွင့်အရေးများရှိနေပြီး ဒီမိုကရေစီနည်းကျ ရွေးချယ်ပိုင်ခွင့် ရွေးချယ်ခံခွင့်များ ရှိနေပြီဟု ပြောဆိုခဲ့ပါသည်။ (ယခင်ကမူ ထို အခွင့်အရေးများ မရှိခဲ့ဟု သွယ်ဝိုက်ဝန်ခံခဲ့ရာလည်း ရောက်ပါသည်။)
ထို့အတူ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီ လုပ်ငန်းစဉ်များသည် ယခုမှပင် အစပြုကာစရှိသေးသည်ဟု ပြောခဲ့သလို ၊ မြန်မာ့နည်း မြန်မာ့ဟန်ဒီမိုကရေစီ၏ အစဦးအဆင့်သာရှိသေးသည်ဟုလည်း ဝန်ခံပြောခဲ့ပါသည်။
ထို့အတူ စစ်တပ်၏ အမြင့်ဆုံး အာဏာရှိသူအဖြစ် ဆက်လက်ချုပ်ကိုင်ထားသူ ဗိုလ်သန်းရွှေက ပြည်ထောင်စု ပြိုကွဲရေးကို ဆောင်ရွက်နေသူများ၏ အန္တရယ်ကို သတိပြုရန် ပြောဆိုခဲ့ပါသည်။
ထို့အတူ လက်ရှိ နယ်စပ်ဒေသများတွင် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပဋိပက္ခများ ဖြစ်ပွား နေရခြင်းမှာလည်း ၁၉၄၈ခုနှစ် မတိုင်မီကာလက နယ်ချဲ့တို့၏ သွေးခွဲအုပ်ချုပ်ခြင်းများကို ခံခဲ့ရခြင်းကြောင့် ဖြစ်သည်ဟု ယခု ၆၄နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သော  ပြည်ထောင်စုနေ့ သဝဏ်လွှာတွင် ပြောခဲ့ပါသည်။
ထို့အတူ ၁၉၉၀ ရွေးကောက်ပွဲတွင် ဒီမိုကရေစီနည်းလမ်းတကျ အနိုင်ရပြီး ဒီမိုကရေစီ နည်းလမ်းတကျ အာဏာလွှဲပြောင်းရန် ငြင်းပယ်ခြင်းခံရသလို ပါတီတရားဝင် ရပ်တည်ခွင့်အတွက် တိုက်ပွဲဝင်နေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ပြည်ထောင်စုနေ့ အခမ်းအနားကို ကျင်းပခဲ့ရာ အမျိုးသား ဒီမီုကရေစီ အဖွဲ့၏ သဝဏ်လွှာကို ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကိုယ်တိုင် ဖတ်ကြား ခဲ့ပါသည်။
ပြည်တွင်းသတင်းထောက် (ရွှေဝါရောင် သတင်းလွှာ)
NLD ၏ သဘာပတိ မိန့်ခွန်းနှင့် ထုတ်ပြန်ချက်များကို ဝက်ဘ်ဆိုက်များနှင့် အီးမေးသတင်းများမှ စုစည်းတင်ပြပေးလိုက်ပါသည်။

ရွှေနန္ဒ၏ အီးမေးသတင်းမှ

Saffron Mail letter

Photobucket
Photobucket

Photobucket
Photobucket

Photobucket 

‘သက်ကြီးဝါရင့်နိုင်ငံရေးသမားများသို့ အကြံပေးတင်ပြမေတ္တာရပ်ခံချက်’

လေးစားအပ်ပါသော ဘဘတို့ခင်ဗျား…

လွန်ခဲ့တဲ့ နှစ်ပေါင်း၆၀ခန့် ဗိုလ်ချုပ်အောင်ဆန်းကျဆုံးပြီး အမျိုးသားစည်းလုံးညီညွတ်ရေး ပြိုကွဲသွားပြီး နောက် ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ မြန်မာ့နိုင်ငံရေး အင်အားစုတွေကြား၊ အမုန်းတရားတွေ၊ သံသယတွေ၊ အာဃာတတွေ တဖြည်းဖြည်း ကြီးထွားလာခဲ့တာ ယနေ့ဆို အမြင့်ဆုံးအချိန်ရောက်နေပါပြီ။ နိုင်ငံရေး ထိပ်တိုက်တွေ့ဆုံမှုတွေ၊ ပြည်တွင်းစစ်ကို အစပျိုးစေမယ့် စစ်ပွဲတွေကလည်း နယ်စပ်ဒေသတွေမှာ တစထက်တစ ကျယ်ပြန့် ဖြစ်ပေါ်လာနေပါတယ်။ တဖက်မှာလည်း စီးပွားရေးက ကမ္ဘာ့အလယ်မှာ အဆင်းရဲဆုံး နိုင်ငံအဖြစ် လျော့ကျသွားခဲ့ရုံသာမက ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး အစရှိတဲ့ နယ်ပယ်အသီးသီးမှာလည်း ကမ္ဘာ့အနိမ့်ဆုံးအဆင့်ကို သက်ဆင်းကျရောက် သွားခဲ့ရပါပြီ။
အဲဒီလို ဘက်စုံအကျပ်အတည်းကြီးကို တပ်မတော်အစိုးရရဲ့ မကြာမီက ကျင်းပပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲနဲ့ဖြစ်ဖြစ် နောက်ဆက်တွဲပေါ်ပေါက်လာမယ့် ပြည်သူ့လွှတ်တော်နဲ့ အရပ်သားအစိုးရဆိုတဲ့ နိုင်ငံရေးအခင်းအကျင်းတွေနဲ့ပဲဖြစ်ဖြစ် ဖြေရှင်းလို့ရနိုင်မှာမဟုတ်ပါ။ ဒီလိုဘက်စုံအကျပ်အတည်းတွေနဲ့ ပြည့်နှက်နေတဲ့ ကျနော်တို့နိုင်ငံအတွက် လက်ငင်း လိုအပ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့နိုင်ငံရေးခေါင်းဆောင်များ၊ တိုင်းရင်းသားလူမျိုးစု ခေါင်းဆောင်များ၊ တပ်မတော် ခေါင်းဆောင်များ အတူတကွ လက်တွဲပူးပေါင်းကာ မြန်မာတနိုင်ငံလုံးအကျိုးအတွက် ပြည်သူလူထုကြီး အကျိုးအတွက်၊ သံသယတွေ အာဃာတတွေ အမုန်းတရားနဲ့ မာန်မာနတွေ ဘေးဖယ်ပြီး ညီညီညွတ်ညွတ် စုပေါင်းဆွေးနွေး အဖြေရှာရေးပဲဖြစ်ပါတယ်။
လွတ်လပ်ရေးမရခင်ကာလ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ ပင်လုံညီလာခံမှာ တိုင်းရင်းသား ခေါင်းဆောင်တွေ မြန်မာနိုင်ငံရေး ခေါင်းဆောင်တွေနှင့်အတူ တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်ပြီး ညှိနှိုင်းဆွေးနွေးသဘောတူ လက်မှတ်ရေးထိုး နိုင်ခဲ့တဲ့အတွက် မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့တဲ့ သာဓကရှိခဲ့ပါတယ်။
ယခုလတ်တလော အခြေအနေအရ မြန်မာတနိုင်ငံလုံးရဲ့ ပြဿနာကို ဖြေရှင်းရမှာဖြစ်တဲ့အတွက် အဆိုပါ ပင်လုံညီလာခံကဲ့သို့သော အမျိုးသားညီလာခံစစ်စစ်တခု ကျင်းပပြီး ကျွန်ုပ်တို့နိုင်ငံအတွင်းမှာ ကြီးထွားလာနေတဲ့ အာဃာတတွေ၊ သံသယတွေ၊ အမုန်းတရားတွေကိုလျော့ချပြီး လက်ရှိရင်ဆိုင်နေရတဲ့ အခက်အခဲတွေ၊ နောင်ရင်ဆိုင် လာရမယ့် အခက်အခဲအကျပ်အတည်းတွေကို စုပေါင်းဖြေရှင်းဖို့ လိုအပ်ပါတယ်။
ညီလာခံဆိုတာ ကိုယ်နဲ့နီးစပ်ရာ အဆင်ပြေရာတွေစုခေါ်ပြီး ကိုယ့်အကျိုးအတွက်၊ ကိုယ်လိုချင်ရာ ကိုယ်ဆုံးဖြတ်တာမျိုးမဖြစ်စေရပါဘူး။ အဲဒီလိုလုပ်ခဲ့ရင်လဲ သံသယတွေ အာဃာတတွေ အမုန်းတရားတွေ တိုးပွား လာရုံသာမကပဲ ပိုမိုနက်ရှိုင်းတဲ့ အကျပ်အတည်း အခက်အခဲတွေကို ကြုံတွေ့ရမှာမို့ သက်ဆိုင်သူ အာလုံးနဲ့တကွ အဲဒီအကြပ်အတည်းရဲ့ဒဏ်ကို ကိုယ်တိုင်တွေ့ကြုံခံစားနေရတဲ့ ပြည်သူတွေအနေနဲ့ကလည်း လက်ခံမှာမဟုတ်ပါဘူး။ ဒါ့ကြောင့် လက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ အမျိုးသားရေး အကျပ်အတည်းကြီးကို အမှန်တကယ်ဖြေရှင်းပေးနိုင်တဲ့ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကိုလည်း အမှန်တကယ် ကိုယ်စားပြုနိုင်မယ့် အမျိုးသားညီလာခံ စစ်စစ် တခုဖြစ်ဖို့တော့ လိုအပ်ပါတယ်။
လွန်ခဲ့တဲ့ အောက်တိုဘာ(၂၄)ရက်နေ့က စစ်ကိုင်းတိုင်း ကလေးမြို့မှာ ဇိုမီးအမျိုးသားကွန်ကရက် ၂၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်အခမ်းအနားပြုလုပ်စဉ် တမျိုးသားလုံးရဲ့ အကျပ်အတည်းကို ဖြေရှင်းဖို့အတွက် ဒုတိယ ပင်လုံညီလာခံခေါ်ဆိုဖို့ သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြပါတယ်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ခေါင်းဆောင်များ၊ ၀ါရင့်နိုင်ငံရေးသမားကြီးများ၊ တိုင်းရင်းသားခေါင်းဆောင်များနဲ့ ဒီမိုကရေစီ အင်အားစုများ သဘောတူလက်မှတ်ရေးထိုး တာတွေ့ရပါတယ်။ တိုင်းရင်းသားများ အပါအ၀င် တနိုင်ငံလုံးမှာရင်ဆိုင်နေရတဲ့ အထွေထွေအကျပ်အတည်းကြီးကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ ဖိတ်ခေါ်တာလို့ ယူဆပါတယ်။ ဒုတိယပင်လုံညီလာခံလို့ အမည်တပ်တာလဲ ပထမပင်လုံညီလာခံမှာလို စုပေါင်းပြီး ညီညီညွတ်ညွတ်နဲ့ နယ်ချဲ့လက်အောက်က လွတ်လပ်ရေးရယူပေးနိုင်ခဲ့သလိုမျိုး ဒုတိယ ပင်လုံညီလာခံ (ညီလာခံစစ်စစ်) ကျင်းပပြီး ပြည်တွင်းမှာလိုအပ်နေတဲ့ “ငြိမ်းချမ်းရေး”ကို အဓိကထား စုပေါင်းအဖြေရှာပြီး ရယူနိုင်ဖို့ ရည်ရွယ်တယ် လို့သိရပါတယ်။
ကချင်တိုင်ရင်းသားခေါင်းဆောင်ကြီး ဆမားဒူးဝါးဆင်ဝါးနောင်ရဲ့ မိန့်ခွန်းတစ်ခုမှာ ‘နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုး တိုးတက်တယ်ဆိုတာ အဲဒီနိုင်ငံမှာရှိတဲ့ သယံဇာတပစ္စည်းတွေနဲ့ မဆိုင်ပါဘူး။ အဲဒီနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူ လူထုကြီးရဲ့ စည်းလုံးညီညွတ်မှုနှင့်ပဲ ဆိုင်ပါတယ်’ လို့ပြောခဲ့ပါတယ်။ အဲဒီစည်းလုံးညီညွတ်မှုသာ မရှိဘူးဆိုရင်ဖြင့် ဘယ်လောက်အားကြီးတဲ့ အစိုးရတက်တက်၊ ဘယ်လောက်ကောင်းတဲ့ ၀ါဒနဲ့ အုပ်ချုပ်အုပ်ချုပ် နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ လုံးဝလုပ်နိုင်မှာမဟုတ်သလို အေးချမ်းမှုလဲရှိမှာမဟုတ်ပါဘူး။
နိုဝင်ဘာ (၁၃)ရက်နေ့က မြန်မာ့ဒီမိုကရေစီခေါင်းဆောင် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်၊ တိုင်းရင်းသားအားလုံး ပြည်သူလူထု အားလုံးက သာမက တစ်ကမ္ဘာလုံးကပါ တခဲနက်ထောက်ခံနေတဲ့ ၁၉၉၀ခုနှစ်အထွေထွေ ရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်ရခဲ့တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ခဲ့ပါပြီ။
၎င်းလွတ်မြောက်လာချင်းချင်းမှာပဲ အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကို အကောင်အထည် ဖော်မယ့်အကြောင်းနဲ့ အဲဒီလိုဖော်ဆောင်ရာမှာလည်း ဒီမိုကရေစီကို အမှန်တကယ်လိုလားသူ မည်သည့် နိုင်ငံရေး အင်အားစုနဲ့မဆို လက်တွဲ ဆောင်ရွက်သွားပါ့မယ်လို့ ပြောကြားထားခဲ့တဲ့အလျောက် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အမျိုးသား ညီလာခံစစ်စစ်ဖြစ်တဲ့ ဒုတိယ ပင်လုံညီလာခံကြီး အကောင်အထည်ဖော် ပေါ်ပေါက်လာရေးမှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဦးဆောင်ဦးရွက် ပြုနိုင်လိမ့်မယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။
တဆက်တည်းမှာပဲ ယနေ့နိုင်ငံအုပ်ချုပ်ရေးမှာ တာဝန်ယူနေကြတဲ့ တပ်မတော်ခေါင်းဆောင်ကြီးများကို ပန်ကြား လိုတာကတော့ –
ယနေ့နိုင်ငံတော်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဖော်ဆောင်နိုင်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း တည်ထောင်မွေးဖွားပေးခဲ့တဲ့ မြန်မာ့တပ်မတော်ရဲ့ ခေါင်းဆောင်ကြီးများအနေနဲ့ နိုင်ငံနဲ့ပြည်သူလူထုအပေါ်မှာ အမှန်တကယ်စေတနာရှိတယ်ဆိုရင် ယခုကဲ့သို့ တိုင်းပြည်နဲ့လူမျိုးအတွက် အမှန်တကယ် အရေးလည်းပါ လိုလည်းလိုအပ်တဲ့ အထက်ပါအမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ကြီး လက်တွေ့ အောင်အောင်မြင်မြင် အကောင်အထည် ဖော်နိုင်ရေးအတွက် နိုင်ငံနဲ့ ပြည်သူလူထုအကျိုးကို ရှေးရှုပြီး အရေးပါတဲ့ အခန်းကဏ္ဍတခုကနေ တာဝန်သိသိ သစ္စာရှိရှိ ပါဝင်ဆောင်ရွက်ပေးပါရန် ကျနော်တို့အလေးအနက် တိုက်တွန်းပါတယ်။ ဖိတ်လည်း ဖိတ်ခေါ်ပါတယ်။ အမျိုးသားညီလာခံပေါ်ပေါက်လာရေး ကြိုးပမ်းဆောင်ရွက် နေသူတွေကိုလည်း ကူညီပေးဖို့ တောင်းဆိုပါတယ်။
တပ်မတော်ခေါင်းဆောင်ကြီးများအနေနဲ့ အဆိုပါအမျိုးသားညီလာခံစစ်စစ် ပေါ်ပေါက်အောင် ပါဝင်ကူညီ ကြိုးပမ်း ဆောင်ရွက်မယ် ဆိုရင်ဖြင့် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာရဲ့ ထောက်ခံမှု၊ ယုံကြည်မှုကို ရမှာဖြစ်ပြီး မြန်မာနိုင်ငံ အနေနဲ့လည်း အလွန်မင်္ဂလာရှိတဲ့ နိုင်ငံအဖြစ် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ထည် နိုင်မှာပါ။
လေးစားအပ်ပါတဲ့ ၀ါရင့်သက်ကြီးနိုင်ငံရေးခေါင်းဆောင်များခင်ဗျား…
အသက်အရွယ်ကြီးရင့်လို့ဖြစ်စေ ကျန်းမာရေးမကောင်းလို့ဖြစ်စေ၊ နိုင်ငံရေးတာဝန်တွေကို စွန့်လွှတ်ပြီး အနားမယူကြပါနဲ့ဦးလို့ မေတ္တာရပ်ခံပါရစေ။ နယ်ချဲ့ကိုတော်လှန်ခဲ့ကြတဲ့ လွတ်လပ်ရေး အရယူပေးနိုင်ခဲ့ကြတဲ့ ဖက်ဆစ်နဲ့ အာဏာရှင်စနစ်ကို အစဉ်အဆက် ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတဲ့ တာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့ပေမယ့် ကျန်ရှိနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ဒီမိုကရေစီစနစ်စစ်စစ် ပေါ်ပေါက်ရေးနဲ့ ထာဝစဉ် တည်တံ့ခိုင်မြဲမယ့် ငြိမ်းချမ်းရေးမျိုးပေါ်ပေါက်သည်အထိ ကိုယ်တိုင်ပါဝင်၍ဖြစ်စေ အကြံဉာဏ်များပေး၍ဖြစ်စေ မိမိတို့တတ်နိုင်သလောက် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ဆက်လက်၍ လက်တွဲပါဝင်ဆောင်ရွက်ပေးကြပါရန် အလေးအနက် မေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။
မြန်မာပြည်ငြိမ်းချမ်းပါစေ –

(အမျိုးသားပြန်လည်သင့်မြတ်ရေးလိုလားသူများနှင့် ဒီမိုကရေစီအင်အားစုများ)

(၁) ၈၈ အရေးတော်ပုံကြီးရဲ့ မဟာသူရဲကောင်း ရဟန်းပြည်သူ၊ ကျောင်းသားအပေါင်းတို့ နိုးထကြလော့။
(၂) စစ်အာဏာရှင်အလိုကျ ပြင်ဆင်ထားသော ရွေးကောက်ပွဲကို မပါဝင် မပူးပေါင်း၊ မဲမပေးဘဲနေခြင်းဖြင့် သပိတ်မှောက်ကြလော့။ အကယ်၍ မဲမပေးမဖြစ် မဲပေးရပါက ပယ်မဲများဖြစ်အောင် လုပ်ကြကုန်လော့။
(၃) သင်တို့ အသီးသီးက တဦးချင်းစီဖြစ်စေ၊ အစုအဖွဲ့လိုက်ဖြစ်စေ ၈၈ ဒီမိုကရေစီအရေးတော်ပုံကြီးကို သစ္စာရှိစွာဖြင့် နီးစပ်ရာ ရဟန်းရှင်လူ ပြည်သူ၊ ကျောင်းသား၊ တပ်မတော်သားတို့ကို စည်းရုံးပြီး ရှင်းပြကြကုန်လော့။ သပိတ်တိုက်ပွဲမှာ ပါဝင်နိုင်အောင် အားထုတ်ကြကုန်လော့။
(၄) ကိုယ်ကိုးကွယ်သည့် ဘုန်းကြီးကိုပင် ကိုယ်ပြန်သတ်ခဲ့တဲ့ စစ်အစိုးရ၊ ကိုယ့်တိုင်းရင်းသားများ၊ ကိုယ့်လူမျိုး၊ ကျောင်းသားများကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သော စစ်အာဏာရှင် သက်ဆိုးရှည်ရေးကို အတည်ပြုပေးရာ ရောက်သည့် မဲပေးခြင်းအလုပ်ကို ကန့်ကွက်ရှုတ်ချကြလော့။
(၅) လူထုက ဘယ်ပါတီကို မဲပေးပေး အဓိက အာဏာရသွားမှာနဲ့ ဆက်အုပ်ချုပ်မှာကတော့ စစ်တပ်ကိုယ်တိုင်နဲ့ စစ်တပ်ကထောင်ထားတဲ့ (ကြံ့ဖွံ့)ပါတီပါပဲ။
(၆) ကျန်တဲ့ အရပ်သားအမည်ခံ အချောင်သမားတွေ၊ သစ္စာဖောက်တွေကတော့ အရိုးအရင်း ကိုက်ကြပေါ့။ လွှတ်တော်ရဲ့ ခုံကြိုခုံကြားကနေ ‘ဝေလေလေ’ အော်ရသူ အဆင့်လောက်ပါ။ သင်္ကြန်အမြောက် ဖောက်ကြပေါ့။
(၇) ဘာကြောင့် ဒီလိုပြောရတာလည်း ဆိုရင် လွှတ်တော်ကိုယ်စားလှယ် (၁၁၇၁) နေရာမှာ စစ်တပ်က ၂၅% ယူထားပြီး စစ်တပ်ပါတီ(ကြံ့ဖွံ့)က ပြိုင်ဘက်မရှိ နေရာ (၅၄) နေရာ ယူထားကြပြီ။ (၂၈၃ + ၅၄ = ၃၃၇ နေရာ)
(၈) ဒါကြောင့် န.အ.ဖရဲ့ မျက်လှည့်ဝိုင်းမှာ (စစ်ဘီလူးရဲ့ လူယောင်ဆောင်ပွဲကြီးမှာ) နိုင်ငံရေးနားမယောင်ကြပါနဲ့။ မဲပေးသင့်မသင့် သေချာစဉ်းစားကြပါ။
(၉) ဒီမိုကရေစီ ဘက်တော်သားတို့ ကြားထိုင်နေရမယ့်အချိန်၊ တွေဝေနေရမယ့် အချိန်မဟုတ်တော့ဘူး။
ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် အချိန်ရောက်ပြီ။
(၁၀) န.အ.ဖ စစ်အာဏာရှင်နဲ့ ဒီမိုကရေစီဘက်တော်သားတို့ အားပြိုင်ပွဲ၊ မကြမ်းမဖက် အနုနည်းနဲ့ တိုက်ပွဲကြီးစလေပြီ။
(၁၁) ကြိုက်တဲ့နည်းနဲ့ သူတို့အနိုင်ယူပါစေ၊ မဲမပေးတဲ့သူများရင် တို့နိုင်ပြီး စစ်အာဏာရှင်ရှုံးပြီ။
(၁၂) ပြည်တွင်း ပြည်ပမှာ အရှက်ကွဲပြီ။ သူတို့ကို တရားဝင်အုပ်စိုးမှု (Legitimacy) ကို ပြည်သူတွေများစုက မကျေနပ်ကြတာပေါ်သွားပြီ။
(၁၃) နောင်တိုက်ရမယ့် ဒီမိုကရေစီရေးတိုက်ပွဲတွေအတွက် စစ်အာဏာရှင်တို့ ပွဲဦးထွက် အကြီး အကျယ်ရှုံးပြီ။
(၁၄) ပြည်သူတို့ တွေဝေမနေကြနဲ့။ န.အ.ဖ စစ်အာဏာရှင်ကို အကြမ်းမဖက်၊ အနုနည်းနဲ့ ရွေးကောက်ပွဲ သပိတ်မှောက်သောနည်းဖြင့် တိုက်ပွဲဝင်ကြလော့။
(၁၅) သင့်မဲများဖြင့် စစ်အာဏာရှင်တို့ကို ပြည်တွင်းနဲ့ နိုင်ငံတကာမှ အသိအမှတ်ပြုစေမည့် အလုပ်မျိုး မလုပ်မိကြပါစေနဲ့။
(၁၆) ဤသို့ သပိတ်မှောက် ဆန္ဒပြနည်းနဲ့ ဒီမိုကရေစီဘက်တော်သားများ၊ တိုင်းရင်းသားများနှင့် စစ်အာဏာရှင်တို့ တွေ့ဆုံဆွေးနွေးပွဲဖြစ်အောင် တိုက်ပွဲဝင်ကြပါစို့။
(၁၇) လူထုခေါင်းဆောင် ‘ဒေါ်အောင်ဆန်းစုကြည်’ ရဲ့ အောက်ပါ အမှာစကားလေးကို တင်ပြရင်း တပ်လှန့်နှိုးဆောက်လိုက်ပါတယ်။
နိုင်ငံသားတိုင်း မဲပေးပိုင်ခွင့်ရှိသလို၊ မဲမပေးဘဲ နေပိုင်ခွင့်လည်းရှိသည်။ အတင်းအဓမ္မမဲပေးခိုင်းခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်။
(သပိတ်တိုက်ပွဲများ ကော်မီတီ)

ပြည်တွင်းမှ မေးဖြင့်ပေးပို့လာသဖြင့် ထပ်ဆင့်ဖြန့်ဝေခြင်းဖြစ်ပါသည်။

May 2024
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
Photobucket

OUR LOGO

Photobucket

"တပ်မတော် အပေါ်မှာ စိတ်ကောင်း စေတနာကောင်း ကလွဲပြီး ဘယ်လိုမှ သဘော မထားပါဘူး။ အဲဒီ အစွဲဟာ ဒီတပ်မတော်ဟာ ကျမ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော် ဖြစ်နေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်"

လာလည်ကြသူများ

ဘယ်နိုင်ငံက လာကြသလဲ

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 4 other subscribers

ရေးပေးခဲ့ချင်တာရှိရင်

ဒီမှာနှိပ်ပြီးရေးပေးခဲ့ပါ View shoutbox
ShoutMix chat widget