You are currently browsing the category archive for the ‘မထိတထိ’ category.

ဦးရုက္ခစိုး၊ ဖိုးရှုပ်၊ ကြွက်စုတ်တို့ နေပြည်တော် ရောက်သွားချိန်တွင် ထူးဆန်းသော မြင်ကွင်းကို မြင်လိုက်ရသည်။ ချိုကုပ်ဒူးကြီးက ဝတ်ဖြူစင်ကြယ်နှင့် စိတ်ပုတီးတကုံးကို လက်တွင် ပတ်ထားသည်။ ချိုကုပ်ဒူးကြီးကတော် ဒေါ်ကွိုင်ကွိုင်က ငိုနေသည်။ ဒု ချိုကုပ်ဒူးကြီး မောင်ကွေးကတော့ ခါးကြားတွင် အရက်ပုလင်းတပုလင်းထိုးကာ အိမ်ထဲမှ အထုပ်များကို သယ်ချ နေသည်။ မောင်ကွေး ကတော်ကလည်း အိုး၊ ခွက်၊ ပန်းကန်များကို အသင့်စောင့်နေသည့် ကားပေါ် ဝိုင်းတင် ပေးနေသည်။

cmnatရုက္ခစိုး။     ။ ဘာတွေ ဖြစ်နေတာလဲဟ။ ငါ့ မျက်စိများ မှားရော့သလား။ ချိုကုပ်ဒူးကြီးကလည်း ဝတ်ဖြူစင်ကြယ် ကြီးနဲ့။

ဖိုးရှုပ်။     ။ ဟုတ်ပါ့ ဦးရုက္ခစိုးရေ။ ဘာတွေ ဖြစ်ကုန်ပြီလဲ မသိဘူး။ ဒေါ်ကွိုင်ကွိုင်ကလည်း ငိုလို့။

ကြွက်စုတ်။     ။ ဒါ အကွက်သစ် ထွင်တာဖြစ်မယ်။ နည်းနည်းလောက် စောင့်ကြည့်ပါဦး။

သူတို့ စကားပြောနေစဉ် ဦးရုက္ခစိုးတို့ကို ချိုကုပ်ဒူးကြီး မြင်သွားသည်။
ချိုကုပ်။     ။ ဦးရုက္ခစိုးပြန်ရင် လိုက်မယ်ဗျာ။ ချင်းမိုင်က ဒွိုင်ဆူထေ့ တောင်ပေါ်မှာ တရားလိုက်ကျင့်မယ်။

ဖိုးရှုပ်။     ။ ဘုရား ဘုရား … တခုခုတော့ လွဲနေတာ အမှန်ပဲ။ အားလားလား။

ဖိုးရှုပ်က အိပ်မက် မက်နေသည်ဟု ထင်သဖြင့် သူ့လက်သူ ဆွဲဆိတ်ကာ နာသွားခြင်းဖြစ်သည်။

ကွိုင်ကွိုင်။     ။ မသွားရဘူး၊ မသွားရဘူး … မောင်တော် သွားရင် နှမတော်လည်း မနေဘူး လိုက်မှာပဲ။
ကြွက်စုတ်။     ။ သူတို့ကိုယ် သူတို့ ဝေဿန္တရာမင်းကြီးနဲ့ မဒီဒေဝီများ မှတ်နေလားမသိဘူး။

အံ့သြစရာ မြင်ကွင်းကို ငေးမောနေမိကြသော သူတို့နားသို့ ချိုကုပ်မောင်ကွေး ရောက်လာသည်။

မောင်ကွေး။     ။ (ခါးကြားထဲမှ ပုလင်းကို ထုတ်ကာ တကျိုက် ကျိုက်ရင်း) အင်း … အခုမှပဲ ရေငတ်ပြေသွားတော့တယ်။ မောလိုက်တာ။

ရုက္ခစိုး။     ။ ဘာတွေဖြစ်နေကြတာလဲဗျ။ ဟိုကလည်း ဝတ်ဖြူစင်ကြယ်နဲ့ တောထွက်တော့မယ်တဲ့။ ခင်ဗျားကလည်း အိမ်ပြောင်းတော့မယ့် ပုံနဲ့။ ဘယ်သူက မောင်းချလို့လဲ။

မောင်ကွေး။     ။ ၃ မိနစ်ပဲ စောင့် … ပြောပြမယ်။

ချိုကုပ်ဒူးကြီး။     ။ လောကီရေးရာ ကိစ္စတွေကို စိတ်ကုန်ပါပြီကွယ်။ ချိုကုပ်ဒူးကြီးဆိုတဲ့ ရာထူး ဂုဏ် ဓနတွေ စည်းစိမ်တွေ ကိုလည်း မမက်မောတော့ဘူး။ အင်း သံယောဇဉ် … သံယောဇဉ်။

ကြွက်စုတ်။     ။ ကြားလား ဖိုးရှုပ်။ ချိုကုပ်ဒူးကြီးက လေးဖြူသီချင်း ဆိုနေပြီ။

မောင်ကွေး။     ။ လေးဖြူသီချင်း ဆိုတာမဟုတ်ပါဘူး။ ဇနီး၊ သား၊ သမီး၊ မြေး သံယောဇဉ်တွေကို ဖြတ်ပြီး လောကုတ္တရာ ကိစ္စ ကောင်းရာကောင်းကျိုးတွေပဲ လုပ်တော့မယ်လို့ ပြောနေတာ။

ကွိုင်ကွိုင်။     ။ (မျက်ရည်နှင့် နှပ်ချေးများကို တစ်ရှူးဖြင့်သုတ်ရင်း) မောင်တော်ရယ် … အဲဒီလို မလုပ်ပါနဲ့ မောင်တော်ရဲ့။ အောင်မလေး … သူတော်ကောင်းကြီးရဲ့။ နှမတော် ပါရမီဖြည့်ပါရစေလား … အဟား … အဟား … အဟား။

မောင်ကွေး။     ။ ကဲ … ကဲ … မိန်းမရေ … အားလုံး အဆင်သင့်ဖြစ်ရင် ငါတို့လည်း သွားရအောင်။ ဒီစည်းစိမ်တွေ၊ ရာထူးတွေ ဆိုတာ အလကားပါကွာ။ လောကကောင်းရာ ကောင်းကျိုးတွေပဲ သယ်ပိုးကြတာပေါ့။ လူတွေအတွက် ပေးဆပ်ရမယ့် အချိန် ရောက်ပြီကွဲ့ …။ ချိုကုပ်ဒူးကြီးတောင် ရာထူး စည်းစိမ်တွေ၊ သံယောဇဉ်တွေ စွန့်နိုင်ရင် တို့က ဘာလို့ မစွန့်နိုင်ရမှာလဲကွာ …။

မောင်ကွေး ကားစုတ်ကလေးပေါ်တက်၍ စက်နှိုးပြီး ၁၀ စက္ကန့်ခန့်အကြာတွင် ….

ကွိုင်ကွိုင်။     ။ ရပြီ … ရပြီ။ အားလုံး ………. ကတ် …။ အဲ ယောင်လို့ … အားလုံး နားလို့ရပြီလို့ ပြောတာ။
ချိုကုပ်။     ။ (ခြေပစ်လက်ပစ် ထိုင်ချကာ လက်ထဲမှ စိတ်ပုတီးကိုလွှင့်ပစ်ရင်း) မောလိုက်တာကွာ … ။ ရွှေဖလားတော်နဲ့ ရေခဲရည်ကြည်တော် ဆက်တော်မူကြစမ်း။

တယောက်က ချိုကုပ်ဒူးကြီးကို ရေတခွက်လာပေးသည်။ ဝတ်ထားသည့် ဝတ်ဖြူစင်ကြယ်များကို ဆွဲချွတ်လိုက်ရာ ပြောင်ပြောင် လက်လက်များ ချိတ်ဆွဲထားသည့် စစ်ဝတ်စုံဖြင့် ဖြစ်သွားသည်။

ဖိုးရှုပ်။     ။ ဘာတွေလဲဗျာ …။ နားကို မလည်တော့ဘူး။

ကွိုင်ကွိုင်။     ။ ယတြာခြေတာလေ … ယတြာခြေတာ။ ရာထူးက ပြုတ်ဖို့ ရှိတယ်ကြားလို့ ဒီရာထူး၊ ဒီစည်းစိမ်တွေ မမက်ဘဲ တောထွက်ပါတော့မယ်လို့ ဒီအချိန် ဒီနာရီမှာ ပြော၊ ကျုပ်က ငိုပြီးတားရမယ်လို့ ဗေဒင်က ဟောတယ်လေ။
ကြွက်စုတ်။     ။ ဒါဆို ဟို ချိုကုပ် မောင်ကွေးကကော။ အရူးထပြီး အိမ်ပြောင်းချင်ယောင် ဆောင်တာလား။

မောင်ကွေး။     ။ ဒါလည်း မကွိုင်ရဲ့ ယတြာပဲလေ။ ချိုကုပ်ဒူးကြီး ဂန့်ရင် ကျုပ်ပါ ဂန့်မယ်ဆိုလို့ ရာထူးက ဆင်းပေးပြီး လောကကောင်းကျိုး သယ်ပိုးမယ်ဆိုတဲ့ စတိုင်လုပ်ရမယ်တဲ့။ ကျုပ်ဒီဇိုင်းက မိုက်တယ်မဟုတ်လား။

ပြောပြောဆိုဆို ချိုကုပ်မောင်ကွေးက အရက်ပုလင်းကို မော့လိုက်ပြန်သည်။

ရုက္ခစိုး။     ။ ထင်တော့ ထင်သား။ ဒါက အိပ်မက်မဟုတ်ဘူးဆိုရင် တကယ်တော့ မဖြစ်နိုင်ပါဘူးလို့။
ကွိုင်ကွိုင်။     ။ ကဲ မောင်တော် … သိပ်ဇိမ်ယူမနေနဲ့။ အမိန့်ကြေညာစာ တရပ် ထုတ်ဦး။

ချိုကုပ်။     ။ ဘာထပ်ထုတ်ရဦးမှာလဲကွာ။ မင်းပြောလို့ လွှတ်တော်ကို ၁ လပိုင်း ၃၁ ရက် ၈ နာရီ ၅၅ မိနစ်မှာ ခေါ်မယ်လို့ ကြေညာပြီးပြီလေ။

ကွိုင်ကွိုင်။     ။ ဒါက သပ်သပ်။ ဂဏန်းအားလုံးပေါင်းရင် ၉ ရအောင် မနည်းရှာကြံလုပ်ထားရတာ။ ကိုးနဝင်း ကျေအောင်ပေါ့။ နောက်တခု ကြေညာရမှာက … အရာရှိတွေအားလုံး အိမ်ရှေ့မှာ တပွင့်ကြာပင် စိုက်ရမယ်လို့ စာထုတ်။

ချိုကုပ်။     ။ အဲဒါကကော ဘာအတွက်လဲ။

ကွိုင်ကွိုင်။     ။ အဲဒါက … တပွင့်တည်းကြာမယ်။ တယောက်တည်း ရာထူးမှာ ကြာမယ် မြဲမယ် ဆိုတဲ့ သဘောပေါ့။ ကဲ ချိုကုပ်မောင်ကွေးလည်း အိမ်ပြန်ပြီး ကြာပင်စိုက်။ ကျမလည်း အိမ်ရှေ့မှာ စိုက်ထားပြီးပြီ။

ချိုကုပ်မောင်ကွေးတို့ လင်မယား အထုပ်များပြန်သိမ်းပြီး အိမ်ပြန်သွားကြသည်။

ချိုကုပ်။     ။ ဟုတ်ပါပြီကွာ …။ ထုတ်လိုက်ပါမယ်။ ဒါပဲလား။ လွှတ်တော်အတွက် ငါ ပြင်စရာလေးတွေ ရှိသေးတယ်။

ဖိုးရှုပ်။     ။ လွှတ်တော်မှာ တင်သွင်းမယ့် ကိစ္စတွေ၊ သမ္မတ ရွေးဖို့ ကိစ္စတွေ ပြင်ဆင်မှာပေါ့ ဟုတ်လား ချိုကုပ်ဒူးကြီး။

ကြွက်စုတ်။     ။ ဒီလိုတော့လည်း ချိုကုပ်ဒူးကြီးက တကယ်လုပ်တော့မယ် ဆိုတဲ့သဘောပေါ့နော်။ အရပ်သား အစိုးရကို တကယ် လွှဲပေးပြီး ဒီမိုကရေစီစနစ်ကို တကယ်သွားတော့မှာပေါ့ ဟုတ်လား။

ချိုကုပ်။     ။ ဘာတွေ လာပြောနေတာလဲ။ လွှတ်တော်အတွက် ပြင်မယ်ဆိုတာက ရန်ကုန် အမျိုးသားပြတိုက်က သီဟာသန ပလ္လင်ကြီးကို ရွှေ့ခိုင်းမလို့။

ရုက္ခစိုး။     ။ ဟာ … အဲဒီလိုလုပ်ရင် ရှေးဟောင်းသုတေသနတွေ၊ သမိုင်းသမားတွေနဲ့ ကွိုင်မယ်ထင်တယ်နော်။

ချိုကုပ်။     ။ ဒါဆိုလည်း လွယ်ပါတယ်။ အဲဒီပလ္လင်နဲ့ တပုံစံတည်းတူတဲ့ ပလ္လင်တခုကို ပုံတူမျိုးပွားလိုက်၊ ပြီးရင် အဲဒီပလ္လင်တော်က ဓာတ်ကူးသလို ဖြစ်အောင် ၉ ရက်တိတိ အတူတူထား ပြီးမှ သယ်ခိုင်းလိုက်မှာပေါ့။

ဖိုးရှုပ်။     ။ အဲဒီပလ္လင်ကြီးက ဘာလုပ်ဖို့လဲ ချိုကုပ်ဒူးကြီးရဲ့။

ချိုကုပ်ဒူးကြီးက ဇာတ်ထဲမှ ဘုရင်လေသံဖြင့် “ငါကိုယ်တော်မြတ် လွှတ်တော်ဝင်တဲ့အခါ ထိုင်တော်မူဖို့ပေါ့ကွဲ့” ဟု ပြန်ဖြေလိုက်သည်။

ကြွက်စုတ်။     ။ (ဦးရုက္ခစိုးနှင့် ဖိုးရှုပ်ဘက်လှည့်၍) ပြန်ကြရင်ကောင်းမယ်နဲ့ တူတယ်နော်။ တော်ကြာ ကျနော်တို့ကိုပါ ဝန်ကြီးတွေ၊ မူးမတ်တွေလို ဝတ်ခိုင်းပြီး ခစားခိုင်းနေမှဖြင့်။

ချိုကုပ်။     ။ ဘယ်ရမလဲ … ဒီတိုင်းတော့ မောင်မင်းတို့ ပြန်လို့မဖြစ်သေးဘူးကွဲ့။ တိုင်းပြည်အတွက် စစ်မှုထမ်းပြီးမှ ပြန်ကြရမယ်။

ရုက္ခစိုး။     ။ ကျုပ်နဲ့မဆိုင်ဘူးနော်။ ကျုပ်က နတ်။ ဖိုးရှုပ်နဲ့ ကြွက်စုတ်ကိုပြော။

ဖိုးရှုပ်။     ။ ဟာ … မလုပ်နဲ့လေ ဦးရုက္ခစိုး … ကျနော် စစ်ထဲ မဝင်ချင်ဘူးဗျ။

ကြွက်စုတ်။     ။ ကျနော်က ကြွက်စုတ်ဆိုတော့ … ဥပဒေထဲမှာ ကြွက်တွေအတွက် မပါဘူး မဟုတ်လား။ ကျနော် မှတ်ပုံ မတင်တော့ဘူးနော်။

ဖိုးရှုပ်။     ။ ကျနော်ကလည်း … ကျနော်ကလည်း … သက်ကြီးရွယ်အိုကို စောင့်ရှောက်နေရလို့ ပို့စ်ပွန်း လုပ်ပါရစေ။

ချိုကုပ်။     ။ မောင်မင်းက ဘယ် သက်ကြီးရွယ်အိုကို စောင့်ရှောက်နေရလို့လဲ။

ဖိုးရှုပ်။     ။ ဦးရုက္ခစိုးလေ … ။ ဦးရုက္ခစိုးက နတ်ဆိုတော့ အသက်က အနည်းဆုံး ထောင်ချီနေပြီ … ဟုတ်တယ်နော် ဦးရုက္ခစိုး။

ချိုကုပ်။     ။ ဒါဆို မောင်မင်းတို့ ၂ ယောက်က စစ်မှုမထမ်းရအောင် ကြံဖန် ရှောင်လွှဲတဲ့အတွက် ထောင်ဒဏ် ၅ နှစ်။

ကြွက်စုတ်။     ။ ဟာ အဲဒီလိုကြီးလား။ ရတယ်လေ (ဖိုးရှုပ်ကို လက်တို့ကာ) ဒါဆို … များတို့ အခုပဲ ခြောက်သွားပြီ။ များတို့အတွက် ဥပဒေ မပါဘူး မဟုတ်လား။

ချိုကုပ်ဒူးကြီးက ကြွက်စုတ်ကိုကြည့်လိုက် … သူ့ဥပဒေ မူကြမ်းကို ကြည့်လိုက်ဖြင့် ကြောင်တက်တက် ဖြစ်နေစဉ် ဖိုးရှုပ်ကလည်း မျက်စကိုချီ၍ “ဟုတ်တယ် … လူကြီးနော် … ကလိန်ကကျစ်မလုပ်နဲ့ … သွပ်ပြားတို့အတွက် ဥပဒေ ထုတ်ပြီးမှပြော” ဟု ပြောလိုက်သည်။

ချိုကုပ်။     ။ ဟုတ်တော့ ဟုတ်တယ် … အဲဒါတွေအတွက်တော့ ဥပဒေထဲမှာ မပါသေးဘူး။

ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ပုဆိုးများကို ထဘီကဲ့သို့ ပြင်ဝတ်၍ ချိုကုပ်ဒူးကြီးရှေ့တွင် ခေါက်တုန့် ခေါက်ပြန် မော်ဒယ်ဂဲလ် များစတိုင် ၂ ခေါက်ခန့် လျှောက်ပြလိုက်ကြသည်။

ထို့စဉ် ဦးရုက္ခစိုးက “ပြေးနိုင်မှ လွတ်မယ်ဟေ့” ဟု အချက်ပေးလိုက်သည်နှင့် တပြိုင်နက်တည်း ၎င်းတို့ ထုံးစံအတိုင်း ဖနောင့်နှင့်တင်ပါး တသားတည်းကျအောင် ထိုနေရာမှ ထွက်ပြေးကြရလေတော့သတည်း။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

ဒီနေ့နံနက် ကွန်ပြူတာကိုဖွင့်ပြီး ကိုယ့်အီးမေးအကောင့်ကို စစ်လိုက်တော့ ထူးထူးခြားခြားဖြစ်နေတာတခုကို သတိပြုမိတယ်။ အဲဒါကတော့ ပြည်တွင်းက ကိုယ့်သူငယ်ချင်းတွေ မိတ်ဆွေတွေ လိုင်းပေါ်မှာ အစီအရီ ရှိနေကြတာပဲ။ ခါတိုင်းက တယောက်ပေါ်လာလိုက် တစ်ခါပျောက်သွားလိုက်နဲ့ ၊ ဒါနဲ့ပဲ လှမ်းမေးလိုက်တော့ ခါတိုင်းနဲ့ကို မတူပဲ အင်တာနက်ကော်နက်ရှင်က အရမ်းကောင်းနေပါသတဲ့ ။ “တို့ကဖျက်ထားမယ်ထင်လို့ စမ်းတက်ကြည့်တာ မဲခိုးတာတွေ သတင်းပို့မှာ မကြောက်ဘူးလားမသိဘူး”တဲ့ တစ်ယောက်ကပြောတယ်။ကျွန်တော်ကတော့ ပြန်ပြောလိုက်ပါတယ်။ “ခိုးပြီးနေတာ မင်းမသိဘူးလား အရင်နေ့တွေထဲက ပြောင်ခြိမ်းခြောက်ပြီး ယူထားတဲ့ စစ်သားတွေ၊ ရဲတွေ၊ ဝန်ထမ်းတွေရဲ့ မဲတွေရယ် ၊အဆက်အသွယ်နဲ့ ဗဟုသုတနဲတဲ့ နေရာတွေက ကြိုတင်မဲ ဆိုတာတွေရယ်ကို ရေပြီးလို့ တော်တော်ရနေပြီ ။ ဒီနေ့တော့ မဲရုံနားမှာ လူလုံးပြ နဲနဲခြောက်လိုက် ၊လှည့်လိုက်ရင် ရပြီဆိုတာ သူတို့ကြိုတွက်ပြီးသားလေ” လို့ ပြန်ပြောလိုက်ရတယ်။

မနက်ထဲက သူတို့ပြောပြနေတာ သတင်းစုံကြားနေရတယ်။ မနက်ထဲက လူကတဖျောက်ဖျောက်လောက်ပဲ လာနေတာတို့ ၊ ဘယ်နေရာမှာ ကြံ့ဖွံ့က အတင်းမဲရအောင်ခြိမ်းခြောက်နေတာတို့ ကြားနေရတယ်။ ဥက္ကလာဘက်မှာတော့ NDF က သာနေတယ် ဆိုလား။  စိတ်တော့မဝင်စားဘူး။ အဖြေသိနေသားမို့ပါ။
ကဲ…မဲရုံထဲက ပြန်ထွက်လာတဲ့ လူတချို့ရဲ့စကားသံလေးတွေကော နားထောင်ကြည့်ပါဦး။ စက်ရုံတခုနဲ့ ၊ ပန်းခြံတစ်ခုမှာ လုပ်တဲ့ လူနှစ်ယောက်က တမျိုးထဲ အဖြေပေးတယ်။ သူတို့သူဌေးကမှာလိုက်တယ် ကြံ့ဖွံ့ကို မထည့်ရင် အလုပ်ပြုတ်ပြီတဲ့။ စစ်တပ်ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ပါတ်သက်တဲ့ ထိပ်တန်းရွှေဆိုင်ကြီးတဆိုင်ရဲ့ဝန်ထမ်းကတော့ မှာလဲမှာလိုက်တယ် ငွေလဲ ရခဲ့ပြီးပြီတဲ့ ။ ဒီတော့ … ဒီတော့.. ပေါ့နော်။
တကယ်တော့ မဲရုံတွေမှာ လူကခြောက်တီးခြောက်ချဲ့ပါ။ မဲတပြားရဲ့တန်ဘိုးကို နားလည်သူတွေ မဲရုံကို မလာပါဘူး။ လုပ်ပွဲကြီးမှာ မဲဝင်ပေးရတာလောက် ကြောင်တာတော့ မရှိတော့ပါဘူး။
အဲ.. ဒီကြားထဲမှာ မဲပေးနေတုန်း မီးကပြတ်သွားရသေးတယ်။ ဗိုလ်တစ်ထောင်မှာ ဖြစ်သွားတာပါ။ မဲပေးတဲ့လူတွေကပြောတာတော့ မှောင်ထဲမှာ ဘာခြစ်ခဲ့မိမှန်းမသိဘူးတဲ့၊ ကောင်းကြရောပေါ့။ ဗိုလ်တစ်ထောင်ဆိုတာ အိန္ဒိယနွယ်တွေ အနေများတဲ့နေရာပါ။ သူတို့ကလဲ ပြောပြပါတယ်။ အရင်နေ့တွေထဲက လာခြိမ်းခြောက် ဟိန်းဟောက်ထားလို့ ကြောက်လှပါတယ်တဲ့ ။
သံတမန်တွေ အဲဒီဗိုလ်တစ်ထောင် မဲရုံကိုရောက်သွားတော့ မဲပုံးကြီးကြပ်သူ တစ်ယောက်ထဲ ကြောင်စီစီနဲ့ ထိုင်နေတယ်။ လူတွေတွေ့တော့ မဲပေးမယ်ထင်လို့ဝမ်းသာသွားတယ်။ သူခမျာ မီးကလဲ မလာဆိုတော့ သရဲခြောက်မှာ ကြောက်ရှာတယ် ထင်ပါ့။
သံတမန်ဆိုတာနဲ့ တဆက်တည်းပဲ ပြောရဦးမယ်။ အစကတော့ တို့မှာတွေ့အကြုံတွေ တပုံကြီးရှိတယ် ဘာအကဲခတ်မှ မလိုဘူးလေး ဘာလေးနဲ့ ။ နောက်ဟိုကအော် ဒီကအော် တော့မှ ပြူတူးပြဲတဲနဲ့ သံတမန်တွေကို အတင်းလိုက်ကြည့်ပါ ဖြစ်ပြန်ရော။ ပြောင်းအလဲကလဲ မြန်ပါ့။ ဒါနဲ့ပဲ အာစီယံနဲ့ အရှေ့အလယ်ပိုင်းက သံတမန်တွေတွေက ပြောပြောဆိုဆိုနဲ့ လိုက်သွားကြပေမယ့် အမေရိကန်နဲ့ အီးယူက သံတမန်တွေကတော့ ငြင်းလိုက်တယ်တဲ့။ ဟုတ်တယ်လေ ။ ဒီလိမ်ဆင်ကြီးကို လိုက်ကြည့်နေလို့ အချိန်ကုန် လူပန်းတာပဲ အဖတ်တင်မှာ ။  တကယ်တော့ လိမ်ဆင်က လိမ်ဆင်ပါပဲ ။
ကျွန်တော် သနားတာကတော့ မိုးပြော ချိုးပြောနဲ့ ဝင်ပြိုင်ကြတဲ့ သူတွေပါပဲ။ ခမြာများ ငွေငါးသိန်းရေထဲ ပစ်ချလိုက်ရင်တောင် ပလုံလို့ မြည်ဦးမယ်။ အခုတော့ ကုန်ခဲ့တာတွေအတွက် ငိုချင်းချရုံသာရှိတော့မှာပေါ့။ တကယ်တော့ မနိုင်တာပဲ ဝမ်းသာစရာလို့သာ တရားနဲ့ ဖြေကြပါ။ နိုင်သွားရင်လဲ ဖွတ်တွေကြားထဲမှာ လူတယောက်ထဲ ငုတ်တုတ်ကြီးဆို … အင်း ကျွန်တော်တွေးရင်းတောင် ကြက်သီးထတယ်။ သူတို့ကလဲ လူစကားမတတ်။ ကိုယ်ကလဲ ဖွတ်စကားမပြောတတ်။ ဒီကြားထဲမှာ အဆစ် အဖတ်တင်တာက ဟိုကိုကန့်ကွက် ဒီကိုကန့်ကွက် အာခြောက်ရတာကတော့ အပိုဆုပေါ့။ ဟိုကတော့ ဒါမျိုးတွေ အရေထူနေပြီဆိုတော့ တုံတိဘာဝေနေမှာပေါ့။ နိုင်အောင်လုပ်ပါတယ်ဆိုမှ လုပ်ချင်တာလုပ်မှာပေါ့။ ဒါကြောင့်လည်း ဘယ်လိုမှ လက်မခံနိုင်အောင် တဖက်စောင်းနင်းတွေ လုပ်ထားတာတောင် အတင်းဝင်ချင်ကြတော့ သူတို့ကဒီလိုလုပ်မှာပဲပေါ့။ နဂိုထဲက လိမ်ဆင် ရွေးကောက်ပွဲကြီးပါဆို။ ဘာကိုများမျှော်လင့်နိုင်မှာလဲ ။
အဖြေသိပြီးသားပါ ။ ဘာမှ မထူးခြားလာပါဘူး။

ရွှေဝါရောင် သတင်းလွှာ၏ ပြည်တွင်းသတင်းထောက် ပေးပို့ချက်များကို အခြေပြု၍ရေးသားပါသည်။

ရွက်စိမ်း

Wednesday, October 13, 2010 ထွေရာလေးပါး

မြန်မာတပြည်လုံး တခွမ်းခွမ်းနှင့် ကွဲသံများ လှိုင်နေသည် …။ ကွဲသံများ အတော်ကျယ်သောကြောင့် မြန်မာပြည်မှ နေ၍ ဦးရုက္ခစိုး စံမြန်းရာ ချင်းမိုင်အထိပင် နားကွဲမတတ် ကြားနေရသည်။
ရုက္ခစိုး။     ။ ကွဲပြန်ပြီဟေ့ …။

cmnat-may-20-09ဖိုးရှုပ်။     ။ အဲဒါပဲ။ ဦးရုက္ခစိုးက နတ်ဖြစ်ပြီး လောင်းကစားလုပ်တာကိုး။ ဒီ နှစ်လုံးထီကို မထိုးပါနဲ့လို့ ခဏခဏ ပြောနေရဲ့သားနဲ့။ အခုတော့ ကွဲပြီပေါ့။ တော်တော်မှ ပါသွားရဲ့လား။
ရုက္ခစိုး။     ။ ပါသွားတာကတော့ မင်းကြီးတော်ကြီး ၂ ယောက်လုံးပဲ။ ဘယ့်နှယ်ကွာ သတင်းထောက်လုပ်နေပြီး ဘာပြောတာလဲဆိုတာ သေချာ မမေးဘူး။ ထင်ရာမြင်ရာတွေ လျှောက်ပြောနေတယ်။
ကြွက်စုတ်။     ။ ပြောမနေနဲ့ ဦးရုက္ခစိုးရေ။ ဒီကောင်က သူထင်ရာ သူပြောနေကျပဲဟာ။ ဒါနဲ့ ဦးရုက္ခစိုးက သစ်ပင်ပေါ် ထိုင်နေတာဆိုတော့ ငှက်နဲ့ မှားပြီး လေးခွနဲ့ဆော်သွားတာထင်တယ် … ပြပါဦး နဖူးကွဲသွားတာမဟုတ်လား။ တော်တော်များလား။ရုက္ခစိုး။     ။ မင်းလုပ်မှ ပိုဆိုးပြီ ကြွက်စုတ်ရာ …။ ငါ့လည်း နတ်စင်စစ်က ငှက်လို ပကျိ ပကျိနဲ့ အော်ရမလို ဖြစ်နေပြီ။ ငါပြောချင်တာက …။
ဖိုးရှုပ်။     ။ သြော် သိပြီ …။ ဗုံးကွဲတဲ့ကိစ္စလား။
ရုက္ခစိုး။     ။ အင်း … နည်းနည်းတော့ နီးစပ်လာပြီ။ ဗုံးကတော့ စ ကွဲနေပြီတဲ့ …။ ကြံ့ဖွံ့တွေ မဲဆွယ်သွားတဲ့ ကားထဲကို ဗုံးတလုံး ပစ်သွင်းလိုက်တယ် ကြားတာပဲ။
ကြွက်စုတ်။     ။ ချစ်လို့ နေမှာပေါ့ ဦးရုက္ခစိုးရယ်။ ကြံ့ဖွံ့က ချစ်စရာ အရမ်းကောင်းနေတာကိုး။
ဖိုးရှုပ်။     ။ ဗုံးနဲ့ပေါက်ပြီး ကြည်စားတာ ဖြစ်မှာပေါ့။

ရုက္ခစိုး။     ။ တော်ကြစမ်းပါကွယ် …။ မင်းတို့ ပြောနေကြတာနဲ့ ငါ ဘာပြောနေတယ် ဆိုတာတောင် မေ့သွားပြီ။
ကြွက်စုတ်။     ။ ကွဲတဲ့ အကြောင်းလေ … ဦးရုက္ခစိုး။
ရုက္ခစိုး။     ။ ဟုတ်သားပဲ …။ ဒီလိုလေ … မြန်မာပြည်မှာ ပါတီတွေ အခုပဲ မဟာမိတ်၊ အခုပဲကွဲ ဆိုတဲ့သတင်း မင်းတို့ မကြားဘူးလား။
ဖိုးရှုပ်။     ။ သြော် … ဒါလား။ ဒါကတော့ ရိုးရာမဖျက်တဲ့ သဘောလေ ဦးရုက္ခစိုးရဲ့ …။ ၃ ယောက်ရှိရင် ၄ ဖွဲ့ကွဲမှ မြန်မာ ပီသမယ် မဟုတ်လား။
ကြွက်စုတ်။     ။ ဟုတ်ပြီ ဟုတ်ပြီ … ကျနော်လည်း တခုကြားတယ်။ ရခိုင်ပြည်ဘက်မှာ ရခိုင် တိုင်းရင်းသားတွေ ကွဲကြတယ်တဲ့။

ဖိုးရှုပ်။     ။ ဟား ဟုတ်လား၊ ငါလို သတင်းသမားတောင် ဒီသတင်း မကြားပါလား။ မင်းက ဘယ်က ကြားလာတာလဲ။
ကြွက်စုတ်က သူ့အင်္ကျီကော်လံကို ဟန်ပါပါထောင်ရင်း “အဲဒါပြောတာပေါ့ … မသိရင် မှတ်ထား။ ကြံ့ဖွံ့က မဲဆွယ်ရင်း အရက်တိုက်တာ အားနာနာနဲ့ သောက်ရလို့ အကုန်ကွဲကုန်တာ။ တချို့ဆို မှောက်ပါမှောက်သွားလို့ အိမ်ကို ထမ်းပြီး ပြန်ပို့ရတယ်တဲ့” ဟု ပြောလိုက်သည်။
ဖိုးရှုပ်။     ။ ပေါက်တတ်ကရကွာ …။
ကြွက်စုတ်။     ။ တကယ်ပြောတာကွ …။ ရခိုင် တိုင်းရင်းသားတွေက ကွဲရုံ တင်ကွဲတာ ကြံ့ဖွံ့တွေက သူတို့တိုက်တဲ့အရက်ကို သူတို့ဘာသာ နွားငတ်ရေကျ ပြန်သောက်ရင်း မှောက်ကုန်တာတဲ့။
ရုက္ခစိုး။     ။ ကြံ့ဖွံ့ကိုတော့ ဂင်းနစ် စံချိန်စာအုပ်ထဲ ထည့်သင့်နေပြီ။ ကမ္ဘာပေါ်မှာ ပထမဆုံး အရက်တိုက် မဲဆွယ်တဲ့ ပါတီ ဆိုပြီးတော့။

ဖိုးရှုပ်။     ။ ဒါကတော့ နေ့ကော ညကော သောက်ပြီး ကွဲနေတဲ့ ချိုကုပ်ကြီး မောင်ကွေးရဲ့ အကြံပဲဖြစ်မယ်။ ကဲပါ …။ ဦးရုက္ခစိုးရဲ့ အကွဲဇာတ်လမ်း ဆက်ပါဦး။
ရုက္ခစိုး။     ။ လင်က တပါတီ၊ မယားက တပါတီ ထောင်မိလို့ လင်မယားကွဲတယ်၊ ယောက္ခမက တပါတီ၊ သားမက်က တပါတီ ထောင်မိလို့ သားမက်နဲ့ ယောက္ခမ ကွဲတယ်ဆိုတဲ့ သတင်းတွေလည်း နားနဲ့တောင် မဆံ့ဘူး ကြားနေရတာ။
ထိုစဉ် “ကွဲကုန်ပြီ … ကွဲကုန်ပြီ” ဟု အော်လာသည့် လူတဦး သူတို့နားသို့ ရောက်လာသည်။
ရုက္ခစိုး။     ။ ဟာ … ဝန်ကြီးချုပ် ဦးသိန်းဂိန်ပါလား။ ဘာတွေ ကွဲလာပြန်ပလဲ။ ပုဆိုးလား။
သိန်းဂိန်။     ။ အာ … ပုဆိုးကွဲရင် ဘောင်းဘီပြန်ပြောင်း ဝတ်မှာပေါ့ဗျ။ အခုကွဲတာက ကျုပ် ပါတီထဲမှာ ကွဲကုန်တာ။

ဖိုးရှုပ်။     ။ တော်တော် အသောက်ကြမ်းကြတယ် ထင်တယ်။ အင်းလေ … ဦးသိန်းဂိန်ရဲ့ ကြံ့ဖွံ့ပါတီထဲမှာလည်း အရက်သမားတွေ ချည်းပဲကိုး။
သိန်းဂိန်။     ။ အဲဒီလို ကွဲတာမဟုတ်ဘူး။ အခုဟာက ဟိုလိုကွဲတာ၊ အဲ … ပါတီထဲမှာ ကွဲကုန်ကြတာကို ပြောတာ။
ကြွက်စုတ်။     ။ တော်တော် ဆိုးလို့လား။
သိန်းဂိန်။     ။ ဆိုးတယ်လေ …။ ဆိုးလို့ ကျုပ်လည်း မနိုင်တော့တာနဲ့ ချင်းမိုင်ဘက် စိတ်ပြေလက်ပျောက် ထွက်လာတာပေါ့။ အခုဟာက … ကြံ့ဖွံ့အသင်းကတည်းကပါခဲ့တဲ့ လူတွေက ပါတီမှာ အမတ် ဖြစ်ကုန်တဲ့သူတွေကို မကျေနပ်ကြဘူးဗျ။
ရုက္ခစိုး။     ။ ဒါလည်း ဟုတ်တာပဲလေ …။ ဘုန်းကြီးလည်းရိုက်ပေးခဲ့ရ၊ ကျောင်းသားလည်း ဝင်ဆော်ပေးခဲ့ရတဲ့ သူတွေက အမတ် ဖြစ်ချင်မှာပေါ့ဗျ။

ဖိုးရှုပ်က လေသံဖြင့် “ဦးရုက္ခစိုးရေ … ကြည့်ပြောဦးနော်။ ဦးရုက္ခစိုး သွေးထိုးနေသည် ဆိုပြီး သတင်းစာထဲမှာ ပါလာဦးမယ်” ဟု သတိပေးလိုက်သည်။ ဦးသိန်းဂိန်က မကြားလိုက် …။
သိန်းဂိန်။     ။ ကြံ့ဖွံ့ အသင်းတုန်းကတော့ ဟုတ်တာပေါ့ ဦးရုက္ခစိုးရယ်။ အဲဒီတုန်းက ကျနော်တို့က လက်ရုံးရည်ကို အဓိကထားပြီး အသင်းဝင်အဖြစ် ရွေးခဲ့တာကိုး။ ဘုန်းကြီးတွေ့လည်း ရိုက်ရဲရမယ်၊ အပြစ်မရှိတဲ့သူကိုလည်း ဆော်ရဲ၊ နှက်ရဲ ရမယ် အဲဒီလိုပေါ့လေ။ အခုပါတီအဖြစ် အသွင်ပြောင်းလိုက်တော့ နှလုံးရည်ကို အဓိကထား ရွေးတာဗျ။
ရုက္ခစိုး။     ။ ဘယ်လိုမျိုး နှလုံးရည်ပါလိမ့် …။ ဘယ်လောက်ထိ ကလိန်ကကျစ်ကျတတ်လဲ၊ လွှတ်တော်ထဲ ရောက်ရင် ဘယ်လို ပြောင်ညာတတ်မလဲ ဆိုတာလား။
သိန်းဂိန်။     ။ ကျန်သေးတယ်။ အခုလို မဲဆွယ်ကာလမှာ ကျန်တဲ့ ပါတီတွေ ခေါင်းထောင်မထနိုင်အောင် ဖိထားဖို့က နှလုံးရည်နဲ့ ပြည့်စုံမှ မဟုတ်လား။ အနည်းဆုံးတော့ ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တယောက်ဟာ ခပ်တည်တည်နဲ့ မျက်နှာပြောင် တိုက်ရဲရမယ်။ ဒီလို နှလုံးရည်နဲ့ ပြည့်စုံတဲ့သူတွေမှ ပါတီခေါင်းဆောင် ဖြစ်ခွင့်ရှိမှာကိုး။
ကြွက်စုတ်။     ။ အဲဒီတော့ အရင်က အသင်းဝင်တွေက သူတို့လည်း မျက်နှာပြောင်တိုက်ရဲပါတယ်၊ ပါတီခေါင်းဆောင် လုပ်ပါရစေလို့ မပြောဘူးလား။

သိန်းဂိန်။     ။ ပြောတယ်လေ။ ဒါပေမယ့် မျက်နှာပြောင်တိုက်ရဲရုံနဲ့လည်း မရသေးဘူး။ ဂုဏ်သရည်ရှိ လူကြီးမင်းလည်း ဖြစ်ဦးမှ။
ရုက္ခစိုး။     ။ ဘယ်လို ဂုဏ်သရည်ရှိတာလဲဗျ။
သိန်းဂိန်။     ။ အကောင်သေးလို့မရဘူးလေ …။ အသင်းဝင်တွေတုန်းက သူခိုးဆိုလည်း သူခိုးလေးတွေ …၊ လူမိုက်ဆိုလည်း ရပ်ကွက် လူမိုက်ခေါင်း အဆင့်လောက်ပဲ ရှိတာမဟုတ်လား။ အခု ပါတီခေါင်းဆောင်တွေ ကျတော့ သူခိုးဆိုလည်း သူခိုးကြီး အဆင့်၊ လူမိုက်ဆိုလည်း အနည်းဆုံးတော့ ဘာသာရေး အဓိကရုဏ်းလောက် ဖန်တီးနိုင်တဲ့သူတွေ၊ ဥပမာ – အောင်သိန်းပျင်း လိုပေါ့ဗျာ။ ဒီလိုမျိုး ဂုဏ်သရေရှိမှ ဖြစ်မှာကိုး။
ဖိုးရှုပ်။     ။ ကြံ့ဖွံ့ အသင်းဝင်တွေက လူမှုရေးလုပ်ငန်းတွေလည်း လုပ်ချင်ယောင် ဆောင်ခဲ့ပါသေးတယ် ဦးသိန်းဂိန်ရယ်။ ကြက်ဆူပင် စိုက်တာတို့၊ မရှိတဲ့ အမှိုက်ကို လှည်းတာတို့လေ …။ ဒါတွေကိုလည်း သူတို့က ထည့်စဉ်းစားစေချင်မှာပေါ့။
သိန်းဂိန်။     ။ မှန်ပါတယ်။ လူမှုရေး လုပ်တယ်ဆိုတာလည်း ပိုက်ဆံ သုံးနိုင်မှ ကျယ်ကျယ်ပြန့်ပြန့် လုပ်နိုင်မှာလေ။ အသင်းဝင်တွေရဲ့ အဆင့်က နိုင်ငံတော်ပိုက်ဆံကို ခိုးသုံးနိုင်တဲ့ … အဲ … ယူပြီး စီမံခန့်ခွဲနိုင်တဲ့ အဆင့်မှ မရှိဘဲ။ အမှိုက်လေး ကောက်လိုက်၊ ကြက်ဆူပင်လေး စိုတ်လိုက်နဲ့တော့ ဘယ်ဖြစ်မလဲဗျ။

ကြွက်စုတ်။     ။ ဒါနဲ့ … မတ္တရာ ရေဘေးမှာ ကြံ့ဖွံ့က တော်တော်လေး သွားလုပ်ပေးတယ် ကြားတယ်။
သိန်းဂိန်။     ။ အဲဒါလည်း ချိုကုပ်ဒူးကြီး ကျေးဇူးပါ။ သူက ကျုပ်တို့ ကြံ့ဖွံ့ လူမှုရေး လုပ်ပါစေတော့ဆိုပြီး ဆည်တွေကို ဖောက်ချခိုင်းတာလေ။ အဲဒီမှာလည်း ကျုပ်တို့ ပါတီ တော်တော်လေး လုပ်ကြပါတယ်။ ဒါပေမယ့် ဒုက္ခသည်တွေက စေတနာနဲ့ မတန်ဘူးဗျာ။ ကျုပ်တို့က ကြံ့ဖွံ့တံဆိပ်ပါတဲ့ အင်္ကျီတွေ ဝေပေးတာကို ထမင်းထုပ်ပဲ လိုချင်တယ်တဲ့။ တော်တော် ငတ်ကြီး ကျတဲ့ဟာတွေ။
ဖိုးရှုပ်။     ။ ကဲပါဗျာ ကြံ့ဖွံ့အသင်းထဲမှာ ကွဲတဲ့အကြောင်း ဆက်ပြောစမ်းပါ ပျော်ချင်လွန်းလို့။
သိန်းဂိန်။     ။ အခုတော့ အရင် အသင်းဝင်ဟောင်းတွေက ပါတီခေါင်းဆောင်တွေကို ကလန့်တိုက် ချင်နေပြီလေ။ ကျုပ်လည်း မနိုင်တော့ဘူး။ တော်တော်လေးကို စိတ်ညစ်တယ်။ သေချင်တယ်ဗျာ။ သေလိုက်ချင်တယ်။
ရုက္ခစိုး။     ။ ကြည့်ရတာ ဦးဌေးပြူးပြောသွားသလို နိုင်ငံသားတွေအတွက်ဆို လိုအပ်ရင် ကြံ့ဖွံ့ပါတီ ခေါင်းဆောင်တွေ အသက်စွန့်မယ် ဆိုတဲ့စကားအတိုင်း သေပြတော့မယ်ထင်တယ်။ ဟုတ်လား ဦးသိန်းဂိန်။

ကြွက်စုတ်။     ။ ဟာ … ဒါဆို အတော်ပဲ … ချင်းမိုင်ရောက်တုန်း ချင်းမိုင်ကျုံးထဲ ခုန်ချပြီး သေလိုက်ပါလားဗျ။ နိုင်ငံသားတွေကလည်း ဝမ်းသာကြမှာပါ။
ဖိုးရှုပ်။     ။ ဟာ မကောင်းဘူး … ကျုံးရေ ညစ်ပတ်မယ်။ အဲဒီတော့ အဆိပ်သောက်ပြီး သေဗျာ။
“ကျုံးထဲ ခုန်ချဗျာ”
“အဆိပ်သောက် သေ”
“ကျုံးထဲခုန်ချရမှာကွ”
“မဟုတ်ဘူး … အဆိပ်သောက် သေရမှာ”
သိန်းဂိန်။     ။ အာ … အဲဒါ ဌေးပြူးက မူးပြီး လျှောက်ပြောထားတာ။ ကျုပ်က စကားအဖြစ်သာပြောတာ မသေရဲသေးပါဘူး။ သမ္မတ လုပ်ရဦးမှာဗျ။ ကဲ ပြန်လိုက်ဦးမယ်ဗျို့။

ဦးသိန်းဂိန်၏ စကားကို မကြားဘဲ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဆက်ငြင်းခုန်နေကြဆဲဖြစ်သည်။
ရုက္ခစိုး။     ။ ဟေ့ မင်းတို့ ဒီလိုငြင်းနေရင် … ဒီစကားဝိုင်းက ငါထွက်တယ်ကွာ။
ဦးရုက္ခစိုးပြောသည်ကိုလည်း နားမထောင်ဘဲ ဖိုးရှုပ်နှင့် ကြွက်စုတ်တို့မှာ ငြင်းရင်းခုန်ရင်း ကျုံးဘေးမှ ခဲများဖြင့် အချင်းချင်း ကောက်ထုကြသောကြောင့် ဖိုးရှုပ် နဖူးကွဲသွားပြီး ကြွက်စုတ်က မေးစေ့ ကွဲသွားသည်ဆိုသောသတင်းကို နောက်ဆုံး စက်ရပ်သတင်းအဖြစ် ကြားသိလိုက်ရလေတော့သည်။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

“ရှဲရှဲနီ”

“ဝေါ်ပို့ကျိသောက်”

“အိစံကွားလား ဘိုစံကွားလား ကွိစိ ကွစ”

“ဝမ်ချောင် မာဟန့် ကျန်းလုံ ကျောက်ဟူ”

“ကျန်ကျောင်း ကုန်းစွန်း ပေါင်ချိန်”

“ဟုတ်ကြည် ကျင်စိန် စွန်ပေါက် ဟုန်ကျင်းထန် ဝမ်ကျားပေါင်”

“တီလုံး ဒေးဗစ်ချန်း ဂျက်လီ ဂျက်ကီချန်း ဂေါင်လီ”

“ရှီးဖော ရှီးဖော”

မှန်ရှေ့တွင်ရပ်ရင်း အထက်ပါ စကားများကို တတွတ်တွတ်ပြောနေသူမှာ ဒေဝါလီမဂ္ဂဇင်း အယ်ချုပ် ကိုဂေါ်ကြီး မြှောက်ပေးသဖြင့် ပိုးတမျိုးဝင်သွားသူ ဖိုးရှုပ်ဖြစ်သည်။ သူ့ပိုးက တခြားပိုးတော့မဟုတ် … VJ ပိုး ခေါ် ဗီဒီယို ဂျာနယ်လစ် ပိုးဖြစ်၏။ သူ့နားတွင်တော့ ကင်မရာကြီး တကားကားဖြင့် ကြွက်စုတ်ကို မြင်ရလေသည်။

ရုက္ခစိုး။     ။ မင်းတို့ကောင်တွေ ရူးကုန်ကြပြီလား၊ ဘာတွေဖြစ်ကုန်ကြပြီလဲကွာ။

ဖိုးရှုပ်။     ။ ဝလို့ မီရူးဘူး ဦးရုတ်ခီစိုး … ဝ အီခု ဗီလီယို ဂျာနယ်လစ် လုပ်နီတာလေ။

ရုက္ခစိုး။     ။ ရိုးရိုးပြောစမ်းပါကွာ။ ဗီဒီယို ဂျာနယ်လစ် လုပ်တာတော့ လုပ်ပေါ့။ အခုတော့ ဘယ်ကဘယ်လို တီရုတ် … အဲလေ ငါတောင်ယောင်သွားပြီ … ဘယ်ကဘယ်လို တရုတ်ပိုးပါ ဝင်လာရပြန်တာလဲ။

အမှန်မှာ သူတို့ သုံးဦးစလုံး တရုတ်ပြည်သို့ ရောက်နေကြခြင်းဖြစ်သည်။ ချိုကုပ်ဒူးကြီး တရုတ်ပြည်လာမည် ဆိုသည့် သတင်းကြောင့် ဖိုးရှုပ်က သတင်းယူရန် ရောက်နေခြင်း ဖြစ်ပြီး ကြွက်စုတ်က ကင်မရာမင်းအဖြစ် လိုက်ပါလာခဲ့သည်။ ဦးရုက္ခစိုးကတော့ သူတို့ ၂ ဦး ကောင်းမှုဖြင့် ကန့်လန့်ကန့်လန့် ပါလာခြင်း ဖြစ်၏။
ကြွက်စုတ်။     ။ စိတ်လေတယ် ဦးရုက္ခစိုးရေ။ သူ့ဘာသာ အရူးထတာက အကြောင်းမဟုတ်ဘူး။ ကျနော်လည်း မနေရဘူး။ ဒီ အမြီးမှန်း အမောက်မှန်း မသိတဲ့ ကင်မရာကြီးနဲ့ သူ့ကိုရိုက်ပေးပါဆိုလို့ ရိုက်ပေးနေရတာသာ ကြည့်တော့။
ဖိုးရှုပ်က ဂျယ်များဖြင့် သထားသည့် သူ့ဆံပင် ပုံမှန် ရှိမရှိကို မှန်ထဲတွင် သေချာစွာကြည့်ရင်း ကြွက်စုတ်ကို ဘုကြည့် ကြည့်လိုက်သည်။
ဖိုးရှုပ်။     ။ ဟကောင်ရ … ကံကောင်းရင် မင်းကော၊ ငါကော ကမ္ဘာကျော်မှာလေ။ အခုဆို ငါ့မျက်နှာက ဒေဝါလီ အင်တာနက် စာမျက်နှာကို ဝင်ကြည့်တဲ့သူတိုင်း မသိသူမရှိ မဟုတ်ဘူးလား။ မင်းလည်း ကင်မရာမင်းဆိုတဲ့ နာမည် ရမှာလေ။ အခု ခေတ်က မာလ်တီမီဒီယာခေတ် ဖြစ်နေပြီ။ သူများ ဗီဂျေဆို ကိုယ်လည်း ဗီဂျေရမယ်။ သူများ တွီတာဆို ကိုယ်လည်း တွီ နိုင်ရမယ်၊ သူများ ဖေ့စ်ဘုဆို ကိုယ်လည်း ဖေ့စ်ဘု အမီလိုက်ရမယ် ဟုတ်တယ်မဟုတ်လား။

ဖိုးရှုပ်က ကိုဂေါ်ကြီးပြောနေကျ လေအတိုင်း တသဝေမတိမ်း ကြွက်စုတ်ကို ပြောလိုက်သည်။
ဖိုးရှုပ်။     ။ အခုဆို ငါတော်လို့ ကိုဂေါ်ကြီးလည်း ဆုတွေဘာတွေ ရသွားတယ်မဟုတ်လား။
ကြွက်စုတ်။     ။ အလကားနေရင်း ပဏ္ဍာက ဝင်ယူပြန်ပြီ။ သူ့ဘာသာဆုရတာ မင်းနဲ့ ဘာဆိုင်လဲ။
ဖိုးရှုပ်။     ။ ဆိုင်တယ်လေ … သူပဲ ပြောတာပဲ။ သူ့ဝန်ထမ်းတွေလည်း တော်လို့ အခုလို ဆုရတာပါတဲ့။ သူ့ဝန်ထမ်း ဆိုလို့ ငါတယောက်တည်းရှိတဲ့ဟာ … ငါတော်လို့ပေါ့ကွ။
ရုက္ခစိုး။     ။ ကဲပါ တော်ကြပါတော့။ မင်းတော်တာ သိပါတယ်။ ဒါပေမယ့် ခုနက မင်း ပွစိပွစိ လုပ်နေတာတွေက ဘာတွေလဲ။ ဝမ်ချောင် မာဟန့် တွေကော၊ ကျန်းလုံ ကျောက်ဟူတွေကော။

ဖိုးရှုပ်။     ။ တရုတ်ပြည် ရောက်နေတာလေ။ အဲဒီတော့ တရုတ်လို ကျင့်နေရတာပေါ့ ဦးရုက္ခစိုးရဲ့။ ယောင်းမရောက်ရင် ယောင်းမလို ကျင့်ရတယ်ဆိုတဲ့ စကားလည်း ရှိသားပဲ။
ရုက္ခစိုး။     ။ ရောမရောက်ရင် ရောမလို ကျင့်ပါကွာ၊ မင်းလုပ်မှပဲ …။ ဒါနဲ့ … ကျန်ကျောင်း ပေါင်ချိန် တို့ ကုန်းစွန်း တို့က တရုတ်စကားလည်း မဟုတ်ဘဲနဲ့။
ဖိုးရှုပ်။     ။ ဒါက တရုတ်ကားတွေထဲက ကြားကြားသမျှကို မှတ်ထားတာလေ။ ဘာပဲဖြစ်ဖြစ် လူရှိန်တာပေါ့ ဦးရုက္ခစိုးရယ်။
ကဲ ကဲ ကြွက်စုတ် အဆင်သင့် ဖြစ်ရင် သွားရအောင်။ ဦးရုက္ခစိုးလည်း လိုက်ခဲ့နော်။
ရုက္ခစိုး။     ။ ငါက ဘာလိုက်လုပ်ပေးရမှာလဲ။

ဖိုးရှုပ်။     ။ (မျက်နှာကို ခရင်ပတ်နှင့် တို့ရင်း) ဦးရုက္ခစိုးက ကျနော် ဗီဒီယို ရိုက်တဲ့အခါကျရင် မျက်နှာမှာ ချွေးစို့နေလား၊ ဆံပင်ပုံပျက်နေလား ဆိုတာ ကြည့်ပေးလေ။
ရုက္ခစိုး။     ။ တော်စမ်းပါကွာ၊ ဟိုက ချိုကုပ်ဒူးကြီးလုပ်သမျှ မျက်စိလည်ရတဲ့အထဲ … မင်း မျောက်မူးလဲ လျှောက်လုပ်တာ ကြည့်ပြီး နတ်သက် စောစောကြွေနေပါ့မယ်။
ကြွက်စုတ်။     ။ ဟာ မျောက်မူးလဲဆိုလို့ အခုမှ သတိရတယ် ဦးရုက္ခစိုး … အခု ချိုကုပ်ဒူးကြီးရဲ့ ခရီးစဉ်မှာ သူ့မြေး မျောက်မူးလဲ ဖိုးလောက်လန်းလည်း ပါတယ်ဗျ။
ရုက္ခစိုး။     ။ ကြည့်ရတာ တရုတ်ပြည်ကို မိသားစုလိုက်လာပြီး မြန်မာပြည်က ထွက်ပြေးရတဲ့ အချိန်ကျရင် အောင်းဖို့ ဂူ လာ ရှာတာထင်တယ်။
ဖိုးရှုပ်။     ။ ကဲကဲ ဦးရုက္ခစိုး၊ ဘာမှ ပြောမနေနဲ့တော့၊ လိုက်ခဲ့ဗျာ။ ဟိုတယ်မှာ တပါးတည်း ယောင်ချာချာ ဖြစ်နေမယ်။

ဦးရုက္ခစိုးမှာ ငြင်းပင် ငြင်းနေရသော်ငြားလည်း ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ ဆွဲခေါ်သည့်နောက်သို့ ဒရွတ်ဆွဲ ပါသွားခဲ့ပြီ ဖြစ်သည်။ သူတို့ လေဆိပ်သို့အရောက်တွင် ချိုကုပ်ဒူးကြီးတို့ စီးလာသည့် လေယာဉ်လည်း ဆိုက်လာသည်။ လေယာဉ်ပေါ်မှ နေ၍ ချိုကုပ်ဒူးကြီးနှင့် အပေါင်းအပါများ ဆင်းလာကြသည်။
ချိုကုပ်ဒူးကြီး၊ ဇနီးသည် ဒေါ်ကွိုင်ကွိုင်၊ ၎င်းတို့၏ မြေး မျောက်လောင်း ခေါ် ဖိုးလောက်လန်း တို့၏ နောက်မှ ကပ်လျှက်သား လူတဦး ပုဆိုးကွင်းသိုင်းနှင့် ဆင်းလာသည်။ ထိုသူမှာ မနေ့တနေ့ကမှ ချိုကုပ်ဒူးကြီး လူဝတ်လဲပေးလိုက်သည့် ချိုကုပ်မက ဦး မကျ ရွှေပန်း ဖြစ်သည်။ ဖိုးရှုပ်က ရွှေပန်းနားသို့ ကပ်သွားသည်။
ဖိုးရှုပ်။     ။ ချိုကုပ်ရွှေပန်း … အဲ … ဦးရွှေပန်း။ ဘယ်လိုဖြစ်ပြီး ပုဆိုးကွင်းသိုင်းလာတာလဲဗျ။
ရွှေပန်း။     ။ ချိုကုပ်ဒူးကြီးက အမျိုးသားဝတ်စုံ ဝတ်ခဲ့ရမယ် ဆိုလို့လေ။ ရန်ကုန်က အထွက်မှာတော့ မိန်းမက ပုဆိုးကို သေချာစည်းပေးလိုက်တာပဲ။ ဒါပေမယ့် လေယာဉ်ပေါ်က အဆင်းမှာ မျောက်လောင်းလေးက ပုဆိုးစ တက်နင်းလိုက်လို့ ကျွတ်သွားတယ်လေ။ ပြန်မဝတ်တတ်တော့တာနဲ့ အခုလို ကွင်းသိုင်းထားတာပါ။
ဖိုးရှုပ်နှင့် ဦးရွှေပန်းအမေးအဖြေကို ကြွက်စုတ်က မှတ်တမ်းတင်နေသည်။ ဖိုးရှုပ်က ဦးရွှေပန်းပုံများထက် သူ့ပုံကို များများရိုက်ရန် ကြွက်စုတ်ကို အချက်ပြသည်။ ကြွက်စုတ်က ကင်မရာမင်း အစစ်မဟုတ်သောကြောင့် ခေါင်းပြတ် ခြေပြတ်ရုပ်ပုံများသာ ရိုက်ယူနိုင်သည်ကို ဖိုးရှုပ်မသိပေ။
ဖိုးရှုပ်။     ။ အခုဆိုရင် လူဝတ်မလဲတာဆိုလို့ ချိုကုပ်ဒူးကြီးနဲ့ ချိုကုပ်ကြီးမောင်ကွေးတို့ပဲ ကျန်တော့တယ်နော်။ ဘာဖြစ်လို့ အခုလို လုပ်တယ်လို့ ဦးရွှေပန်း ထင်ပါသလဲ။

ရွှေပန်း။     ။ ချိုကုပ်ဒူးကြီးက သူ့လက်အောက် ငယ်သားတွေ အပေါ် သိပ်အနစ်နာခံတယ်ဗျ။ ဝမ်းတွင်းမှာ ပုဆိုးတွေ မှာထားတာ အကုန် မရသေးတော့ သူက အနစ်နာခံတဲ့အနေနဲ့ ကျုပ်တို့ကို အရင်ပေးလဲတာပါ။ သူက နောက်မှ လဲမယ်လို့ ပြောပါတယ်။
ဖိုးရှုပ်။     ။ ဒါဆို ချိုကုပ်ကြီး မောင်ကွေးကကော ဘာလို့ ပုဆိုးမလဲတာလဲ။
ရွှေပန်း။     ။ ချိုကုပ်ဒူးကြီးက အနစ်နာခံတော့ ချိုကုပ်ကြီးမောင်ကွေးကလည်း အားကျမခံ သူလည်း ပုဆိုး မလဲသေးဘူး ဆိုပြီး နံစော်နေတဲ့ စစ်ဘောင်းဘီကြီးကို ဆက်ဝတ်ထားတာပါ။ တော်တော့်ကို ခေါင်းဆောင်ပီသတဲ့ သူတွေပါ ခင်ဗျာ။ နှစ် ၂၀ ကျော်ဝတ်ထားတဲ့ ဒီ စစ်ဘောင်းဘီကြီးတွေကို အနစ်နာခံပြီး ဘယ်လို ခေါင်းဆောင်မျိုးက ဝတ်မှာတဲ့လဲဗျာ။ ကျုပ်တော့ အရမ်းကို လေးစားတယ်။
ဦးရွှေပန်းက ပြောရင်းဝမ်းနည်းလာပြီး မျက်ရည်များပင် ကျလာလေသည်။ ချိုကုပ်ဒူးကြီးကတော့ သူ့ကိုလာကြိုသည့် တရုတ်ခေါင်းဆောင်များနှင့် လေပေးဖြောင့်နေလေသည်။
“ရှဲ့ရှဲ့ … ကျဲ့ကျဲ့ … ရှိဖော …”
“အိစံ … ကွစံ … ပေါက်စီ … ခေါက်ဆွဲကျော် … ကြာဆံကျော်”

“ဆံပြုတ် … ဆုတ်ပြန် … ဒင်းဆန်း”
ဖိုးရှုပ်က ချိုကုပ်ဒူးကြီးနားသို့ ပြေးကပ်သွားပြန်သည်။
ဖိုးရှုပ်။     ။ ချိုကုပ်ဒူးကြီး တရုတ်ပြည်လာတာ ဝ ကိစ္စလို့ ပြောနေကြတယ်။ ဟုတ်ပါသလား ခင်ဗျာ။
ချိုကုပ်။     ။ မှန်လယ် မှန်လယ် … ဝ ကိစ္စကလွဲလို့ ဘာရှိဦးမှာလဲ။ ဝ ကိစ္စက အများကြီး ရှိလယ်လေ။ ဝ က … ဟိုတခါက အိန္ဒိယကို တွားလိုက်တော့ ထောင်ကဲတွေက ဝ ကို မုန်းလယ်လေ။ အဲဒါ လာချော့ရတာပေါ့။ ဒါမှ ထောင်ကဲတို့က ဝ ကို ချစ်မှာလေ။
“ဟိုက် … သူပြောတဲ့ ဝ ဆိုတာ သူ့ကိုယ်သူ ပြောတာကိုး” ဟု ဦးရုက္ခစိုး စိတ်ထဲက ပြောလိုက်သည်။
ဖိုးရှုပ်။     ။ ဟုတ်ကဲ့ … ဝ ကိစ္စ အပြင် ဘာရှိသေးလဲ ခင်ဗျ။

ချိုကုပ်။     ။ ဝ ကိစ္စ အပြင် ဘာမှ မရှိပါဘူး။ ဝ ကိစ္စ၊ ဝ မိန်းမ ကိစ္စ၊ ဝ မြေး ကိစ္စ၊ ဝ သမီးတွေ ကိစ္စ … ဒါတွေက အရေး အကြီးဆုံးလေ။
ဖိုးရှုပ်။     ။ သြော် ချိုကုပ်ဒူးကြီးတောင် တော်တော် တရုတ်သံ ပေါက်နေပြီပဲ။
ချိုကုပ်။     ။ ဒါကတော့ ထောင်ကဲတို့၊ ပေါက်ဖော်တို့ ကျေနပ်အောင် ဝဲပြရတာလေ။ စူတို့ ချစ်အောင် လုပ်ရမယ်လေ။ ဟုတ်တယ် မီဟုတ်လား။ ရှဲရှဲနီ ရှဲရှဲနီ …။
ဖိုးရှုပ်။     ။ ဟုတ်တာပေါ့ … ဟုတ်တာပေါ့။ ဒီခရီးစဉ်မှာ ဘာလို့ ဖိုးလောက်လန်း ကိုပါ ခေါ်လာရတာလဲ ခင်ဗျာ။
ချိုကုပ်။     ။ ဝ က အီခု တိုင်းပြည်ကို … ပြောင်းလဲဖို့ လုပ်နေတယ် မီဟုတ်လား။ တိုင်းပြည်ပြောင်သွားရင် … အဲ … တိုင်းပြည် ပြောင်းသွားရင် … တီရုတ်က အစုတ်ပလုတ်တွေ အရင်ထက် ပိုသွင်းမယ်၊ ဝတို့ဆီက ကျွန်းသစ်တွေ၊ ကျောက်စိမ်းတွေ၊ ဓာတ်ငွေ့တွေ အရင်ထက် ပိုထုတ်မယ်။ ထောင်ကဲတို့အကြိုက် လုပ်ရမယ်လေ။ အဲလို လုပ်တဲ့အခါမှာ စီးပွားရေးလောကထဲ ဝင်ရှုပ်တတ်အောင် ဖိုးလောက်လန်းကို အခုကတည်းက လေ့လာဖို့ ခေါ်လာတာပါ။

ဖိုးရှုပ်။     ။ ဒါထက် ချိုကုပ်ဒူးကြီးက လုပ်ငန်း တော်တော်များများကို ပုဂ္ဂလိကပိုင် အဖြစ် ပက်ပက်စက်စက် ပေးနေတယ်နော်။
ချိုကုပ်။     ။ ပုဂ္ဂလိကပိုင် မီဟုတ်ဘူးလေ။ တေဂွပိုင်လို့ ပြောပါ။ အားလုံး တေဂွကို ပေးတာ။ တေဂွပိုင်ရင် ဝ ပိုင်သလိုပဲလေ။
ဖိုးရှုပ်။     ။ နောက်ထပ်ကော တေဂွကို ဘာတွေ ထပ်ပေးဦးမှာလဲ ခင်ဗျ။
ချိုကုပ်။     ။ အခု ထပ်ပေးဖို့ စီစဉ်ထားတာကတော့ ဝ မိန်းမ ကွိုင်ကွိုင်နဲ့ သမီးတွေပါ။ တေဂွပိုင်ရင် ဝ ပိုင်သလိုပါပဲ။
ဖိုးရှုပ်။     ။ ဒါဆို အခုတလော အသုံးအစွဲ အရမ်းကြီးတယ်လို့ နာမည်ကြီးနေတဲ့ မော်ဒယ်လ်မလေးတယောက် ကကော … သူလည်း တေဂွပိုင်လို့ ကြားတယ်နော်။

ချိုကုပ်။     ။ သြော် တေဂွပိုင်ရင် ဝ ပိုင်သလိုပါပဲဆို …။
ထိုစဉ် ရုတ်တရက် ရုတ်ရုတ်သည်းသည်း ဖြစ်သွားသည်။ ချိုကုပ်ဒူးကြီး၏ အဖြေစကားကို ဒေါ်ကွိုင်ကွိုင်ကြားသွားပြီး ဒေါသ ထွက်သွားသဖြင့် ၎င်းကိုင်ဆောင်လာသော လက်ကိုင်အိတ်ကြီးဖြင့် ချိုကုပ်ဒူးကြီးကို လှမ်းထုလိုက်သောကြောင့် ဖြစ်သည်။ ဒေါ်ကွိုင်ကွိုင့်ဒေါသကို သိသော ချိုကုပ်ဒူးကြီးက ထွက်ပြေးလေရာ ၎င်းနောက်က လူအုပ်ကြီးလည်း တသီတတန်း လိုက်ပါရလေသည်။
ထိုသို့ ပြေးကြလွှားကြရင်း တရုတ်သိုင်းဝတ္ထုထဲကအတိုင်း မည်ကဲ့သို့ ပြုလုပ်လိုက်သည်မသိ ကြွက်စုတ်လက်ထဲက ကင်မရာကြီးမှာ ပြုတ်ကျပြီး တစစီ ကျိုးပဲ့ ကွဲကြေသွားလေတော့သည်။
ထို့ကြောင့် ဖိုးရှုပ်၏ “ချိုကုပ်ဒူးကြီး တရုတ်ခရီးစဉ်” အင်တာဗျူး ရုပ်သံမှတ်တမ်းကို ဒေဝါလီ ပရိသတ်တို့ ကြည့်ရှုခွင့် မရနိုင်ကြောင်း တောင်းပန်အပ်ပါသည်။     ။
ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

“၀ုန်း … ဂျူံး … ဖွတ် … ဖွတ် … ဖွတ် …”
အသံမှာကား အင်ဂျင်ကျနေသော ကားစုတ်တစီး မောင်းလာသော အသံနှင့် တူလှသည်။ သို့သော် မဟုတ်ချေ…။
အမှန်မူကား … မီးခိုးငွေ့များကြားမှ ဦးရုက္ခစိုး နတ်တန်ခိုးဖြင့် ထွက်လာခြင်းဖြစ်လေသည်။ ဦးရုက္ခစိုး ရောက်သွားသည့် နေရာကား … နေပြည်တော်ရှိ ရုံးခန်းတခု အ၀င်ဝတွင် ဖြစ်၏။
yokekasoeအထဲသို့ ဦးရုက္ခစိုး အသာလေး ချောင်းကြည့်လိုက်ရာ ခါတိုင်းနှင့်မူကွဲ စွတ်ကျယ်ဝတ် ချိုကုပ်ဒူးကြီး အလုပ်ရှုပ် နေသည်ကို  တွေ့လိုက်ရသည်။ အခန်းထဲတွင် ချိုပြုတ် ကတော်များက အော်ကြီး ဟစ်ကျယ် ငိုသူကငို၊ သတိလစ်သူကလစ်၊ ၀မ်းလျား မှောက်သူက မှောက်၊ ချိုကုပ်ဒူးကြီး၏ ခြေသလုံးကို ဖက်၍ အမျိုးမျိုး အဖုံဖုံ တောင်းပန်သူက တောင်းပန်နှင့် ဖြစ်ချင်တိုင်း ဖြစ်နေကြ သည်။
“သူများ ယောက်က်ျား …. ဘာအပြစ်များ လုပ်မိလို့လဲ တော့ … အဟင့် … အဟင့် … အဟင့် … ဟီး”
ဦးရုက္ခစိုး ရောက်နေသည်ကို မည်သူမျှ သိပုံမရ။ ထို့ကြောင့် ချိုကုပ်ဒူးကြီး မြင်စေခြင်း အလို့ငှာ ကိုယ်ထင် ပြရလေတော့သည်။
ချိုကုပ်။     ။ ဟာ … ဦးရုက္ခစိုးပါလား။ အမောတကောနဲ့  မျက်နှာမှာလည်း ချွေးတွေရွှဲလို့၊ ဘယ်လို ဖြစ်လာ တာလဲ။
ရုက္ခစိုး။     ။ ချင်းမိုင် ရေချိုးခန်းကပြန်လာတာလေ။ အဲလေယောင်လို့။ နေပြည်တော်မှာ ပွက်လော ရိုက်နေတယ် ကြားလို့ လာကြည့်တာလေ။ ဖိုးရှုပ်နဲ့ ကြွက်စုတ် တို့တောင် ဆိုက်ရောက်ဗီဇာ မရလို့ လေယာဉ်ကွင်းက ပြန်လစ်သွားကြတယ်။ ကျုပ်ကတော့ အဲကွန်းပျက်နေတဲ့ လိုင်းကားစီးလာရတာဆိုတော့ ချွေးတွေနဲ့ ရွှဲနေတာပေါ့ဗျာ။
ချိုကုပ်။     ။ နတ်တို့ရဲ့ တန်ခိုး … အင်နာဂျီနဲ့ လာတာ မဟုတ်ဘူးလား။
ရုက္ခစိုး။     ။ အဲဒီ အင်နာဂျီက နေရာတိုင်းမှာ သုံးလို့မရဘူးလေ။ တခါတလေ စွမ်းအင်ချွေတာရေး အနေနဲ့ လိုင်းကားစီးသင့် စီးရတာပဲ။

ချိုကုပ်။     ။ ဦးရုက္ခစိုးက ကျုပ်ရဲ့ ဆီကျူရတီကို လျှော့တွက်တယ်ထင်ပါ့။ ခုတလောမှာ နေပြည်တော်တွင်း လုံခြုံရေး အပြည့်ချထားတာ၊ ဘယ်ခွေးတိုးပေါက်က ဝင်လာလို့ ခုလို ကျုပ်ရုံးခန်းထိ ရောက်လာတာလဲဗျ။
ရုက္ခစိုး။     ။ ခွေးတိုးပေါက် မလိုပါဘူးဗျာ။ နေပြည်တော်တခွင်လုံး စိမ်းစိမ်း စိမ်းစိမ်းနဲ့ဟာ … ကျုပ်လည်း စိမ်းစိမ်း စိမ်းစိမ်း လုပ်လိုက်တာပေါ့၊ လွယ်ပါတယ်။
ဦးရုက္ခစိုးက ပြောရင်း ချိုကုပ်ဒူးကြီးကို သေချာကြည့်လိုက်သည်။
ရုက္ခစိုး။     ။ အမယ်၊ ချိုကုပ်ဒူးကြီးက စွတ်ကျယ်ကြီးနဲ့ပါလား။ အဲဒါကြောင့် အမြင်ဆန်းနေတာပဲ အောက်မေ့တာ။  ဟို … ပြောင်တောင်တောင် … လေးတေးတေးနဲ့ ရင်ဘတ်မှာ ကိုယ့်ဟာကိုယ် ဆွဲချင်ရာဆွဲထားတဲ့ အင်္ကျီနဲ့ ဘောင်းဘီရော ဘယ်ရောက်သွားပြီလဲ။
ချိုကုပ်။     ။ ဦးရုက္ခစိုးတို့တော့ ခေတ်နောက်ကျပြီ။ ကျုပ် ဘောင်းဘီချွတ်လိုက်ပြီဗျ။

ရုက္ခစိုး။     ။ ဟာဗျာ … ခွေးတစီစီနဲ့ … ရွံစရာကြီး ဖြစ်နေတော့မှာပဲ။
ချိုကုပ်။     ။ ပေါက်တတ်ကရက ပြောပြီ။ ကျုပ်ဘောင်းဘီချွတ်တယ်ဆိုတာ ဟိုလို ချွတ်တာ မဟုတ်ဘူး ဒီလိုချွတ်တာ။ အာ ယောင်ကုန်ပြီ … ပုဆိုး ပြောင်းဝတ်မလို့ဗျ။
ရုက္ခစိုး။     ။ ဦးနေပြင်းကို အတုခိုးတာထင်တယ် ဟုတ်လား။ ဟိုက တကယ့်ဆရာကြီးနော်။ သူ့လို လျှောက်လုပ်လို့ မပိုင်ဘဲနဲ့ ဘောင်းဘီလည်း မဝတ်ရ၊ ပုဆိုးလည်း မဝတ်ရဘဲ လန်ကွတ်တီလေးနဲ့ ဖြစ်နေဦးမယ်။
ချိုကုပ်။     ။ ကျုပ်က ချိုကုပ်ဒူးကြီးပါဗျ … တကုပ်တည်းရှိတဲ့ ရာသက်ပန်ကုပ် … မပိုင်ရင် ခြင်တောင် မရိုက်ဘူး။ ဂေါ်ဇီလာနဲ့ အိပ်လိုက်မှာ။
ရုက္ခစိုး။     ။ အမယ် … တယ်ဆိုတဲ့ စာပါလား။ ဘယ်လိုအကွက်တွေ ရွှေ့ပြန်ပြီလဲ။ လုပ်စမ်းပါဦး။ ကြည့်ရတာ သမ္မတ တက်လုပ်မယ်ထင်တယ်၊ ဟုတ်စ။

ချိုကုပ်။     ။ ဟဲဟဲ အမှန်အတိုင်း ပြောရရင်တော့ ကျုပ်က လုပ်ချင်တာ လုပ်မှာဗျ။ အခု ဘောင်းဘီချွတ် ပေမယ့် ခဏနေ ပြန်ဝတ်ချင် ဝတ်မှာ။ သမ္မတ လုပ်မှာလားလို့ လူတွေက မေးခွန်းထုတ်ကြမယ်၊ ပြည်ပမီဒီယာတွေက ထင်ကြေးတွေ ပေးကြမယ် … အကုန်လုံး ဗြောင်းသတ်ပြီး ရူးကုန်အောင် ကျုပ်က လုပ်လိုက်တာ။ မိုက်တယ်နော်။
ရုက္ခစိုး။     ။ အင်းလေ၊ အကုန်လုံး ဗြောင်းသတ် ကုန်တာပါပဲ။ တော်ပါပေတယ်။ ဒါနဲ့ တကယ်လို့ ခင်ဗျားက ဘောင်းဘီ ပြန်ဝတ်ရင် ဘာရာထူး ယူမှာလဲ။ ကာကွယ်ရေးဦးစီးချုပ်ရာထူးကို ဒုတိယ ချိုကုပ်ကြီး ကိုယ်ရ မြင့်ပြောင်ကို ပေးလိုက်ပြီဆို။ ဒါဆို သူက ချိုကုပ်ဒူးကြီး ဖြစ်သွားတော့မှာပေါ့။
ချိုကုပ်။     ။ ခက်ပါလား ဦးရုက္ခစိုး။ ချိုကုပ်ဒူးကြီး ဆိုတဲ့ ရာထူးက ဘယ်တုန်းက ပေါ်လာတာလဲ မှတ်မိလား။ အရင်က ရှိလား။
ရုက္ခစိုး။     ။ သိတယ်လေ …။ ၈၈ နောက်ပိုင်း စစ်အာဏာသိမ်းပြီးမှ ပေါ်လာတာ မဟုတ်လား။ အဲဒီရာထူးက ကမ္ဘာမှာတောင် မရှိဘူး။
ချိုကုပ်။     ။ အဲဒီမှာ ရှင်းနေပြီလေ။ ကာကွယ်ရေးဦးစီးချုပ် ကျုပ်မလုပ်တော့ဘူး၊ ချိုကုပ်ဒူးကြီး ရာထူး ကိုလည်း လွှဲပြောင်းပေးအပ်လိုက်မယ်။

ရုက္ခစိုး။     ။ သဘောထား ကြီးလိုက်တာနော်။
ချိုကုပ်။     ။ စကား မဆုံးသေးဘူးလေဗျာ၊ ကျုပ်က ကာကွယ်ရေးဦးစီးချုပ် ချိုကုပ်ဒူးကြီး ဆိုတဲ့ရာထူးထက် ကြီးတဲ့ ရာထူးတခုကို ဖန်တီးမှာဗျ။
ရုက္ခစိုး။     ။ ဘယ်လို၊ ဘယ်လို … ရှင်းလင်းအောင် လုပ်စမ်းပါဦး။
ချိုကုပ်။     ။ ရှင်းပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ထက် ကြီးတဲ့ ကာကွယ်ရေးဦးစီးချုပ်မှူးကြီး … ချိုကုပ်ဒူးခေါင်ချုပ်ချုပ်ကြီး ဆိုတဲ့ ရာထူးတခု ဖန်တီးလိုက်မယ်။
ရုက္ခစိုး။     ။ ဘာဗျ … ကာကွယ်ရေးဦးစီးခေါင်မှူးချုပ် ချိုကုပ်ဒူးကြီးခေါင် … ဟာ မောလိုက်တာ။

ချိုကုပ်။     ။ မောရမယ် … မောရမယ်။ ကမ္ဘာမှာ ရာထူးအသစ် တီထွင်တဲ့သူ ကျုပ်တယောက်တည်း ရှိတယ်လေ။ မောင်ကွေးကတော့ ဒုတိယကာကွယ်ရေးဦးစီးချုပ်မှူးကြီး … ဒုတိယ ချိုကုပ်ဒူးခေါင်ချုပ်ကြီးပေါ့။ ကျုပ်တို့အောက်မှာ ချိုကုပ်ဒူးကြီး ကိုယ်ရ မြင့်ပြောင်ရှိမယ်။ ဟဲဟဲ။
“အင်း … သတင်းကြေညာမယ့် သူတွေတော့ သက်လုံကောင်းမှဖြစ်မယ်။ ကြေညာရင်းက မောနေမှာ မြင်ယောင်သေးတော့” ဟု ဦးရုက္ခစိုး စဉ်းစားမိစဉ် “အမယ်မယ် … ဒင်းတို့ကတော့ ချိုကုပ် ဒူးခေါင်ချုပ်ကြီးတွေ လုပ်ကြမယ်ပေါ့။ ကျုပ်ယောက်ျားကိုတော့ ဘောင်းဘီ အတင်းချွတ်ပြီး ပုဆိုး ဝတ်ခိုင်းမယ်ပေါ့ ဟုတ်လား” ဆိုသော အသံ ရုတ်တရက် ထွက်ပေါ်လာသဖြင့် ချိုကုပ်ဒူးကြီးနှင့် ဦးရုက္ခစိုး လန့်သွားသည်။ ထိုသို့ အော်လိုက်သူမှာ ဒေါသအမျက် ချောင်းချောင်းထွက်နေသော ဝန်ကြီးချုပ် ဦးသိန်းဂိန် ကတော် ဖြစ်နေသည်။
ရုက္ခစိုး။     ။ နေပြည်တော်မှာလည်း ပုဆိုးဝတ်ရတဲ့ ချိုကုပ်တွေက မကျေနပ်ကြဘူး ထင်တယ်နော် ချိုကုပ်ဒူးကြီး။ ဘယ်လို လုပ်မလဲ။ ချိုကုပ် ကတော်တွေက ပိုဆိုးပုံရတယ်။
ချိုကုပ်။     ။ နောက်ကျရင်တော့ ရှင်းသွားမှာပါ။ သူတို့ကို ပြောထားပြီးသားပဲ …။ တပ်ထဲ တခါဝင်ဖူးတဲ့သူဟာ တသက်လုံး တပ်သားပဲလို့။ ဒီစကားကို သူတို့ ယုံကြမှာပါ။ ဟဲဟဲ။
ထိုစဉ် “ဝုန်း” ဆိုသော အသံကြီးနှင့်အတူ အခန်းထဲသို့ အထုပ်ကြီးတထုပ် ကျလာသည်။ နောက်ထပ် “ဝုန်း” ဆိုသော အသံကြီးနှင့် ဝင်လာသည့် အထုပ်ကြီးမှာ ချိုကုပ်ဒူးကြီး ထိပ်တည့်တည့်သို့ “ဖုန်း” ခနဲ လာမှန်သည်။ ကြည့်လိုက်တော့ ထဘီ ထုပ်ကြီးများ ဖြစ်နေသည်။ ရုံးခန်းရှေ့တွင် ဒေါသတကြီး လက်သီးလက်မောင်းတန်းနေကြသော ချိုပြုတ်ကတော်များ ပစ်လွှတ်လိုက်ခြင်းဖြစ်၏။
“ကျုပ်တို့ ယောက်ျားတွေကို ခုချက်ချင်း ချိုကုပ် ပြန်လုပ်ပေး။ တရားမျှတမှုရှိပါ။ ခွဲခြားဆက်ဆံခြင်း အလိုမရှိ” အစရှိသဖြင့် အော်ရင်း မကျေနပ်သည့် ချိုပြုတ်ကတော်များမှာ ရရာ လက်နက်ဖြစ်သော ထဘီထုပ်၊ ဒန်အိုး၊ ဒန်ခွက်၊ ဇွန်း၊ ယောက်မ များဖြင့် ချိုကုပ်ဒူးကြီးထံ ပစ်လွှတ်နေကြသည်။ ချိုကုပ်ဟောင်း ကတော်များ ဖြစ်သောကြောင့် လက်လည်းတည့်ကြသည်။

ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော် ဦးရုက္ခစိုး ကြီးမှာတော့ ဒန်အိုး၊ ဒန်ခွက်၊ ထဘီထုပ်များ ဝဲပျံလာသည်ကို ရှောင်ရှားရင်း လက်ကျန် အင်နာဂျီလေးကို ထုတ်သုံး၍ အမြန်မနှေး ကိုယ်ယောင်ကိုယ်ဝါ ဖျောက်ကာ ထွက်ပြေးခဲ့ရလေတော့၏။     ။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

// “ပွဲဦးမင်းကြီး ကြွလာပြီဆို မောင်းမတွေကကြို … ပွဲသိမ်းမင်းကြီး ကြွလာပြီဆို မောင်းမတွေကကြို … ကြို ကြို ကြိုကြို … မောင်းမတွေက … မောင်းမတွေက ကြို”

ဆူညံ ပွက်လော ရိုက်ကာ ညှော်နံ့များ ဝေနေသည့် တောင်ပြုန်း ပွဲတော်ဝန်းအတွင်း လူစီးကြောင်းကြီးထဲတွင် ဦးရုက္ခစိုး ရောက်နေခြင်းဖြစ်သည်။

“ရွှေလမ်းငွေလမ်း ခင်းလို့ပေးမယ် ကျော် ကျော် ကျော် ကျော် … တို့ကိုကြီးကျော် … တို့ဖေဖေကျော်”

နတ်နန်း တဆောင်တွင် ထောင်တန်များ ကျဲလိုက်ပြီး နတ်ဒိုးသံဖြင့် အားပါးတရ ကခုန်နေသည့် သူကို မြင်ဖူးသည် အမှတ်ဖြင့် ဦးရုက္ခစိုး ကြည့်လိုက်ရာ … ပြန်ကြားရေးဝန်ကြီး ဦးဆော်ကြမ်း ဖြစ်နေသည်။ ဘေးတွင်လည်း မိတ်ကပ် အဖွေးသား လိမ်း၍ “ဟေးဟား” ဝိုင်းအော်နေကြသူများ ရှိသည်။ ရှေ့ဆုံးတွင် ထိုင်နေသူကို မှတ်မိစေရန် ဦးရုက္ခစိုး မနည်းကြည့်ယူရသည်။

ရုက္ခစိုး။     ။ ဟာ … ဝန်ကြီးချုပ် ဦးသိန်းဂိန်။ ဆံပင်တုကြီးလည်း စွပ်လို့ ဘယ်လိုဖြစ်တာလဲ။
သိန်းဂိန်။     ။ ဟယ် … ယူပါလား။ ကြည့်စမ်း လူဆိုး … အဲ နတ်ဆိုး … အခုမှ လာရလားလို့။ တို့က အခု မာမီဂိန်ဖြစ်နေပြီ။ ဦးသိန်းဂိန်လို့ ခေါ်နဲ့၊ ကြိုက်ဘူး။

ရုက္ခစိုး။     ။ ကြံ့ဖွံ့တဖွဲ့လုံး ဒီရောက်နေကြတာလား။ ဘယ်လိုဖြစ်ကုန်တာလဲ။

သိန်းဂိန်။     ။ အို … တို့ဆောင်ပုဒ်ကို ယူ မသိဘူးလားလို့။ “နိုင်ကိုနိုင်ရမည်။ ဘယ်လိုနိုင်နိုင်၊ နိုင်ဖို့သာ အရေးကြီးသည်၊ အောက်လမ်းနည်းနဲ့နိုင်နိုင်၊ ဂမ္ဘီရနည်းနဲ့ နိုင်နိုင်၊ နတ်မလို့ပဲနိုင်နိုင်၊ ကလိန်ကကျစ်လုပ်ပြီး နိုင်နိုင် … ကြိုက်သလိုသာ လုပ်၊ ကြံ့ဖွံ့နိုင်ရမည်” ဆိုတာလေ။

ဦးသိန်းဂိန်က အသံနေအသံထားဖြင့် ဆိုပြခြင်းဖြစ်သည်။

ရုက္ခစိုး။     ။ အဆိုတော် ခေါဖုခင် ဆိုတဲ့သီချင်းလား။ ကြားဖူးတယ်။

သိန်းဂိန်။     ။ အဲဒါ တို့ကြံ့ဖွံ့ဆောင်ပုဒ်လေ။ အခု အဲဒီဆောင်ပုဒ်ထဲက အတိုင်း နိုင်အောင် မစအောင်လို့ ဒီမှာ ရှိသမျှ အမေတို့၊ အဖေတို့၊ မမတို့၊ ကိုကြီးတို့၊ ကိုလေးတို့၊ ဦးတင်ဦးတို့ကို လာပြီး ပူဇော်ပသတာ။ ကန္နားလာပေးတာ … သိပြီလား။

ရုက္ခစိုး။     ။ ကိုကြီးတို့၊ ကိုလေးတို့၊ အဖေတို့၊ အမေတို့က ထားပါတော့ … ဦးတင်ဦးက ဘယ်က ပါလာတာလဲ။

ဦးသိန်းဂိန်။     ။ လေယာဉ်ပျက်ကျသွားတဲ့ ဦးတင်ဦးလေ။ သူလည်း အစိမ်းသေဆိုတော့ နတ်ဖြစ်မှာပဲ မဟုတ်လား။ ဂယ်ပဲ ဂယ်ပဲ … ဦးရုက္ခစိုးဟာလေ၊ သိပ်ကို ရှင်းရတာပဲ။

ဦးရုက္ခစိုးကို လှည့်ပြောအပြီး တီးလိုက်သော နတ်ဒိုးနှင့်အတူ လက်ခုပ်တီး၍ “ရွှေလမ်း ငွေလမ်း ခင်းလို့ ပေးမယ် တို့ကြံ့ဖွံ့နော်၊ ကျော် ကျော်ကျော်ကျော် တို့ ကျော်ဆန်းနော်” ဆိုပြီး အော်ဆိုလိုက်သေးသည်။ ဦးဆော်ကြမ်း၏ ကြံ့ဖွံ့အမည်မှာ ဦးကျော်ဆန်းဖြစ်သည်။

ရုက္ခစိုး။     ။ မာမီဂိန်တောင် ပုဆိုးဝတ်တာ အတော်ကျွမ်းနေပြီပဲ။

ဦးသိန်းဂိန်။     ။ ဟေ့ … တို့က ပုဆိုးတင် မဟုတ်ဘူးနော်၊ ထဘီလည်း ဝတ်တတ်တယ်၊ ဝတ်ပြရမလား။

ဦးသိန်းဂိန်က ဦးရုက္ခစိုးကို ပြန်ပြောရင်း ပွဲခင်းတနေရာကို ကြည့်ကာ မျက်စောင်းထိုးလိုက်သည်။ ပွဲခင်းတနေရာတွင် တစည အဖွဲ့က ပါတီ စည်းရုံးရေး လုပ်နေသည်။

ဦးသိန်းဂိန်။     ။ ဟေးယူ … ကြည့်စမ်း ကြည့်စမ်း။ ဒီလိုနေရာမျိုးမှာ ပါတီစည်းရုံးရေး လာလုပ်နေတယ်။ တကယ်ပါပဲဟယ်။ သူတို့မို့လို့ နတ်ရိုက်မှာ မကြောက်မရွံ့။

တစည ပါတီထဲက တဦးက ဦးရုက္ခစိုးကို လက်ကမ်းကြော်ငြာ တစောင်လာဝေရင်း “ဦးရုက္ခစိုး သေချာဖတ်ကြည့်နော်။ ကျနော်တို့ပါတီက သူတို့လို ဖားတပိုင်းငါးတပိုင်းမဟုတ်ဘူး၊ ဟိုမရောက် ဒီမရောက်မဟုတ်ဘူး။ နောက်မှာ စစ်တပ်လည်း မရှိဘူး။ သန့်သန့်လေး သိလား” ဟု ပြောလိုက်ရာ ဦးသိန်းဂိန်က ပုဆိုးကို မ ရင်း “… ကြည့်စမ်း။ လူကိုများ ဖားတပိုင်း ငါးတပိုင်းတဲ့။ သူတို့ကမှ အထည်ကြီး ပျက်တွေ။ ဟွန်း … နတ်ရိုက်မယ့်ဟာတွေ။ ကြည့်လို့ကို မရဘူး။ နင်တို့နဲ့ ရွေးကောက်ပွဲ စင်မြင့်ပေါ်မှာ တွေ့မယ် … သိလား။ အကောင်တွေရဲ့” ဟု နှုတ်ခမ်းထော်ရင်း ရန်တွေ့သည်။

ရုက္ခစိုး။     ။ ဦးသိန်းဂိန်တို့ရဲ့ ကြံ့ဖွံ့ပါတီက တစည ကိုလန့်နေပြီ ထင်တယ်။ ဟုတ်လား။

သိန်းဂိန်။     ။ အောင်မယ်။ ရာရာ စစ။ တို့လန့်တဲ့ပါတီဆိုတာ မရှိသေးဘူး သိလား။ တို့နောက်မှာ ချိုကုပ်ဒူးကြီးရှိတယ်။ သူတို့က အထည်ကြီးပျက်တွေလေ၊ ပိုက်ဆံလည်း မရှိဘဲနဲ့များ။ လာယှဉ်ချင် သေးတယ်။ သိန်းဂိန်ကို ဘာမှတ်နေလဲ။
ရုက္ခစိုး။     ။ ဒါဆို ဦးသိန်းဂိန်ပါတီက သေချာပေါက် နိုင်မယ်လို့ တွက်ထားပြီးသားပေါ့ ဟုတ်လား။

သိန်းဂိန်။     ။ သေချာပေါက် ကလိန်ကကျစ်ကျထားတာ … မနိုင်ဘဲ ရှိမလား။ ဟယ် … ယောင်လို့ (ပါးစပ်ကို လက်နှင့် အုပ်၍) တို့ပါတီက သေချာပေါက်ကို နိုင်ဦးမှာ။ အောင်ပွဲခံဦးမှာ။ အဲဒီအခါကျရင် ကိုးကြီးကျော်တို့ မမနှဲတို့နဲ့အတူ ဖလန်းဖလန်းကို ထလိုက်ဦးမှာ။

ရုက္ခစိုး။     ။ တစည ဘက်က ပြောနေကြတယ်၊ ဦးသိန်းဂိန်က တပ်ကထွက်ပြီလည်း ပြောသေးတယ်၊ အပြင်ထွက်ရင် စစ်သား အစောင့်အရှောက်နဲ့ ထွက်တယ်တဲ့။ အဲဒါမျိုး မဖြစ်သင့်ဘူးတဲ့ဗျ။

သိန်းဂိန်။     ။ မဖြစ်သင့်ဘူးဆိုတာ တို့တတွေရဲ့ အဘိဓာန်မှာ မရှိဘူးကွယ်။ အခုအချိန်အထိ လုပ်ချင်ရာ လုပ်နေကြတာ သိရဲ့သားနဲ့။
ရုက္ခစိုး။     ။ အင်း … မေးမိတဲ့ ကျုပ် အမှားပါ။

သိန်းဂိန်။     ။ ဟေ့ … ယူ့ကို ကြွားရဦးမယ် သိလား၊ တို့ ပါတီကို အတင်း သွပ်သွင်းထားတဲ့ သူငယ်လေးတွေဆို အခု ကွန်ပျူတာ ခလုပ်တွေ ကိုင်တတ်နေပြီ။ ရှယ်နော် … ရှယ်။

ရုက္ခစိုး။     ။ ကွန်ပျူတာ ခလုတ်ကိုင်တတ်တာ ကြွားစရာလား။

သိန်းဂိန်။     ။ အင်းလေ … အဲဒီလို ကိုင်တတ်ဖို့ဆိုတာ လွယ်မလား စဉ်းစားကြည့်စမ်းပါဦး။ မဆလ ခေတ်ကဆို စက်ဆိုလို့ ဂဏန်းပေါင်းစက်တောင် မြင်ဖူးဖို့ လွယ်တာမဟုတ်ဘူးလေ။ အဲဒါကြောင့် တို့က ပြောတာ၊ ခြင်္သေ့ကိုပဲ မဲပေးပါလို့။
“ဘာမှလည်း မဆိုင်ဘူး” ဟု စိတ်ထဲက ရေရွတ်လိုက်သည်။ ထိုစဉ် ရုတ်ရုတ်ရုတ်ရုတ်နှင့် လူတစု ရောက်လာသည်။ ကင်မရာများကို ထုတ်ရိုက်ကြသည်။ ငိုသူကငို … ရယ်သူကရယ်နှင့် တော်တော်လေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားသည်။

သိန်းဂိန်။     ။ ဟယ် … ဘာဖြစ်ကြတာလဲ၊ ဘာဖြစ်ကြတာလဲ။ သူတို့က ဘယ်သူတွေလဲ။ လုပ်ကြပါဦးတော်။ ဒုက္ခပါပဲ။

ရုက္ခစိုး။     ။ ရုပ်ရှင်အဖွဲ့ထင်တယ်။ တောင်ပြုန်းနောက်ခံ ဇာတ်ကား လာရိုက်တာ ဖြစ်မယ်။

ဦးရုက္ခစိုးခန့်မှန်းသလို ရုပ်ရှင်အဖွဲ့ဖြစ်နေသည်။ ရုပ်ရှင်အဖွဲ့က ရိုက်ကောင်းကောင်းနှင့် ရိုက်နေစဉ် ပွဲခင်း တခင်းလုံးက နတ်ကတော်များ ဝိုင်းလာကြသည်။ နတ်ကတော် မူပိုင်ခွင့်ကိစ္စ ငြင်းကြခုန်ကြနှင့် တော်တော်လေး ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားသည်။ နတ်ကတော် ဇာတ်ရုပ်ကို ရုပ်ရှင်ရိုက်လျှင် နတ်ကို အသိပေးသင့်သည်ဟု နတ်ကတော်များက အော်ကြသည်။

ထိုသို့ ရုတ်ရုတ်သည်းသည်း ဖြစ်နေစဉ် နတ်ဒိုးသံ ပြောင်းသွားသည်။ “ဝါကာ ဝါကာ အေ့အေ … ဝါကာ ဝါကာ အေ့အေ” ဆိုသည့် ကမ္ဘာ့ဖလား ဘောလုံးသီချင်းကို မြန်မာစာသား ထည့်ကာ နတ်ဒိုးဖြင့် တီးဆိုကြသည်။ ဘယ်အချိန်က ရောက်နေမှန်း မသိသော မြန်မာမှုပြု ပြန်လည်သီဆိုသူ အဆိုတော်နှင့် တေးရေးမှာ သီချင်းကို သူပိုင် ငါပိုင် ရန်ဖြစ်ကြပြန်သည်။

ရုတ်ရုတ်သည်းသည်း ဖြစ်သွားသော အခြေအနေကို ထိန်းရတော့မည်ဟူသော အသိဖြင့် ပြန်ကြားရေး ဝန်ကြီးဆော်ကြမ်း အားပါးတရ ကနေရာက ရပ်လိုက်သည်။

“ရှင်းပေးပါ၊ ရှင်းပေးပါ” ဆိုသော အသံများဆူညံနေသည်။

ဆော်ကြမ်း။     ။ ကဲ … အားလုံးငြိမ် … ဒီပြဿနာတွေအားလုံး ပြေလည်ချင်တယ် မဟုတ်လား။ တို့ရှင်းပေး မယ်။

“ပြေလည်ချင်တယ်” ဟု လူအုပ်ကြီးက အော်လိုက်သည်။

ဦးသိန်းဂိန်က ဦးဆော်ကြမ်းကို “ကြုံတုန်းလေး ပါတီစည်းရုံးရေးလုပ်လိုက်” ဆိုသည့်သဘော မျက်ရိပ်ပြ လိုက်သည်။ ဦးဆော်ကြမ်းမြင်ရန် အကောင်တကောင်ပါသော စာရွက် တရွက်ကိုလည်း ထောင်ပြ လိုက်သည်။ ထိုအကောင်ကို မည်ကဲ့သို့ ခေါ်ရမည်မှန်း ရုတ်တရက် ဦးဆော်ကြမ်းက မေ့နေသေးသည်။ ခဏနေတော့မှ အော်လိုက်သည်။

“ပြဿနာတွေ ပြေလည်ချင်ရင် ခြင်္သေ့ကို မဲပေးပါ”

ဦးဆော်ကြမ်းအသံ အဆုံးတွင် ပရိသတ်ထဲက သောက်လက်စ အရက်ပုလင်းတလုံး ဝဲပျံလာပြီး သူ့ထိပ်တည့်တည့်ကို မှန်သည်။ နောက်တွင် ပြောင်းဖူးရိုးများ၊ ရေသန့်ဗူးများ၊ အမှိုက်ထုပ်များ ဝဲပျံလာသည်။

ဦးသိန်းဂိန်နားတွင် ရောက်နေသော နတ်ကတော်တဦးက “ပြဿနာ ရှင်းပါဆိုမှ … ပိုရှုပ်အောင် လုပ်ချင်ဦး။ ကဲဟယ် … မှတ်ပြီလား။ အဲဒါ နတ်ရိုက်တာ။ မှတ်ပြီလား” ဟုပြောရင်း ဦးသိန်းဂိန်၏ တင်ပါးကို ဝါးခြမ်းပြားဖြင့် တဖြန်းဖြန်း ရိုက်သည်။

နတ်ကတော်အပေါင်း၏ ဝိုင်းဝန်းဆွမ်းကြီးလောင်းသည့်ဒဏ်ကို မခံနိုင်သည့်အဆုံး ဦးသိန်းဂိန်နှင့်အဖွဲ့ ကမူးရှုးထိုး ထွက်ပြေးကြရာ သူတို့ကြားတွင်ရောက်နေသော ဦးရုက္ခစိုးပါ ဖနောင့်နှင့်တင်ပါး တသားတည်း ကျအောင် ပြေးရလေတော့၏။

ထွေရာလေးပါး ကဏ္ဍသည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းအချက်အလက် အမှန်များ အပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

// “လှိုင်လှိုင်ပန်း” ဆေးရုံကြီးပေါ်တွင် ဖြစ်သည် …။

အခန်းအမှတ် ဇီးရိုး ဇီးရိုး ဇီးရိုး (၀၀၀) မြေအောက်ခန်းအတွင်းရှိ အထူးကုသဆောင်တွင် ချိုကုပ်ဒူးကြီးကို မြင်ရသည်မှာ အတော်ပင် မသက်မသာ ရှိလှသည်။ သူ့ဘေးတွင် သူ့မိသားစုအားလုံး ဝိုင်းဝိုင်းလည်နေသည်။ ဦးရုက္ခစိုးက နတ်တို့၏ တန်ခိုးဖြင့် အခန်းထဲ ရုတ်တရက် ဝင်လိုက်သည်။

cmnat-may-20-09ချိုကုပ်။     ။ ရပ်၊ ဘယ်သူလဲ … ကျုပ် ပစ်လိုက်ရမလား။

ရုက္ခစိုး။     ။ ကျုပ်ပါဗျ၊ ဦးရုက္ခစိုးပါ။ ပစ်လည်း ကျည်ဆန်ကုန်ရုံပဲရှိမှာပေါ့။ ကျုပ်က ချိုကုပ်ဒူးကြီး သေတော့မလားလို့ လာကြည့်တာ။

ချိုကုပ်။     ။ ဘာ … ကျုပ် … ကျုပ် … သေတော့မှာလား။ တကယ်လားဟင်။ အောင်မငေး ဝမ်းသာလိုက်တာ ဦးရုက္ခစိုးရယ်။

ကွိုင်ကွိုင်။     ။ မောင်တော်ကလည်း … မဦးမချွတ် … ဘာတွေ လျှောက်ပြောနေ တာလဲ။
ရုက္ခစိုး။     ။ သေမှာများ ဝမ်းသာတယ်ရှိသေးတယ်။ သေတယ်ဆိုတာ လူတွေ အတွက် ဝမ်းနည်းစရာဗျ။

ချိုကုပ်။     ။ လူတွေအတွက်တော့ ဝမ်းနည်းစရာပေါ့ဗျာ။ သို့ပေမယ့် ကျုပ်တို့လို ချိုကုပ်တွေအတွက် ကတော့ ဝမ်းသာစရာဗျ။ ကျုပ် အခုချက်ချင်း သေချင်တယ်ဗျာ။ ကျုပ်ကို သေအောင် လုပ်ပေးစမ်းပါ ဦးရုက္ခစိုးရယ် … နော်။ ခင်ဗျားက နတ်ဆိုတော့ သေမင်းတို့ ဘာတို့နဲ့လည်း ရင်းနှီးမှာပဲ။ လုပ်ပါဗျာ။ ပါမစ်ပေးပါ့မယ်။ နေပြည်တော်က ဘယ်သစ်ပင် လိုချင်လဲ … ကျုပ် ပေးမယ်ဗျာ။

ရုက္ခစိုး။     ။ ဒုက္ခပဲ။ ရုက္ခစိုးကို လာဘ်လာထိုးနေရတယ်လို့ …။ ခင်ဗျား နေပြည်တော်က သစ်ပင်က ပေါက်စနလေးတွေ … ကျုပ်တက်နေလို့မှ မရဘဲ။ မှင်စာပဲ နေလို့ရမယ်။ ကဲပါ …ကဲပါ … ခင်ဗျားက ဘာလို့ ချက်ချင်းကြီး သေချင်ရတာလဲ။ ပြောပြ စမ်းပါဦး။

ချိုကုပ်။     ။ ဟာ … သေလိုက်ရင် ဒီဘဝမှာ ကိစ္စငြိမ်းပြီလေ။ အခုတော့ အိုကြီးအိုမနဲ့ ဝေဒနာတွေ ခံစား နေရတာ မခံနိုင် ဘူးဗျာ။ ပြီးတော့ ကျုပ်ကို မသေ့တသေ ဖြစ်အောင် နှိပ်စက်ချင်နေတဲ့ သူတွေ ရှိတယ်ဗျ။ အဲဒါတွေလည်း ကျုပ်မခံနိုင်ဘူး။

ရုက္ခစိုး။     ။ သေချင်ရတဲ့ အကြောင်းရင်းက ဒါပဲလား။

ချိုကုပ်။     ။ ရှိသေးတယ်ဗျ။ ဒေဝါလီမဂ္ဂဇင်းက ကာတွန်းဟန်လေးလေ …၊ သူ့ကို ကျုပ် လုံးဝ ကြည့်မရဘူး၊ သူက ကျုပ်နဲ့ လုပ်စားနေတာဗျ။ ကျုပ်သေရင် သူ ဘာဆွဲလို့ဆွဲရမှန်း သိတော့မှာမဟုတ်ဘူး။ သူ့ကိုလည်း ပညာပေးတဲ့အနေနဲ့ သေချင်တယ်။ တကယ်လို့ ကျုပ် မသေသေးဘဲ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ … အာဏာ လွှဲပေးလိုက်ရပြီ ဆိုပါတော့။ ကျုပ်ကို နိုင်ငံတကာ စစ်ခုံရုံးပေါ်တင်ပြီး ပါးပါးလှီးမယ့်သူတွေ ရှိတယ် …။ အောင်မလေး … ကြက်သီး ထလွန်းလို့ပါ ဦးရုက္ခစိုးရယ်။ လုပ်ပါဗျာ။ ကယ်ပါဦး။

ရုက္ခစိုး။     ။ ဟာ … မသေသေးတဲ့သူကို သေအောင်လုပ်ဖို့တော့ ကျုပ်လည်း မတတ်နိုင်ဘူးဗျာ။ ဒါ သေမင်းအလုပ်။ သေမင်းနဲ့ ကျုပ်က မယားညီအစ်ကိုလည်း မဟုတ်ဘူး၊ ယောက်ဖလည်း မတော်ဘူး။ ကျောင်းနေဘက် သူငယ်ချင်းလည်း မဟုတ်ဘူး။ မဖြစ်သေးပါဘူးဗျာ။

ချိုကုပ်။     ။ ဦးရုက္ခစိုးက တကယ်ပဲ မကူညီနိုင်ဘူးပေါ့ ဟုတ်လား။

ရုက္ခစိုး။     ။ ဟုတ်တယ် … မကူညီနိုင်ဘူး။ အခုတောင် ဖိုးရှုပ်တို့ အတင်းလွှတ်လို့ လာကြည့်တာ၊ တော်ကြာ ခင်ဗျားကို မသေစေချင်သေးတဲ့ သူတွေက ကျုပ်လုပ်လို့ သေရပါတယ်ဆိုပြီး ဝိုင်းထောင်းနေလိမ့်မယ်။

ချိုကုပ်။     ။ ထောင်းလည်း ဘာအရေးလည်းဗျာ၊ အင်တာနက်ပေါ်က ထောင်းမှာပဲဟာ။

ရုက္ခစိုး။     ။ အဲဒါ ပိုဆိုးတယ်။ တိုက်ရိုက်လာထောင်းတာကမှ တခါတည်း နတ်သက်ကြွေရုံပဲ။ ဖော်ဝါ့ မေးလ်ကနေတဆင့် ကျုပ်ကို နတ်သက် ဆယ်ခါပြန်လောက် ကြွေအောင် လုပ်ကြမှာ၊ ကြောက်တယ်။ နေစမ်းပါဦး၊ ခင်ဗျားသေရင် ခင်ဗျား အချစ်တော် မြေးလေး ဖိုးလောက်လန်းလေးနဲ့ ခင်ဗျား မိသားစုကို လူတွေ ဝိုင်းနှိပ်စက်ကြမှာ မကြောက်ဘူးလား။

ချိုကုပ်။     ။ (ခေတ္တတွေသွားလျက်) ကြောက်တော့ ကြောက်တာပေါ့ဗျာ။ ဒါပေမယ့် မြန်မာပြည်မှာ ကျုပ်လောက် ရက်စက်မယ့်သူမှ မရှိဘဲ။ သူတို့ ခံနိုင်ကြမှာပါ။ လုပ်ပါဦးရုက္ခစိုးရယ်။

ရုက္ခစိုး။     ။ မလုပ်တတ်ဘူးဗျာ။ ကြံကြံဖန်ဖန်။ ဒါ ရုက္ခစိုး ကိစ္စမှ မဟုတ်ဘဲ။

ချိုကုပ်။     ။ သြော … ဦးရုက္ခစိုးက ဒီလိုလား။ ရတယ်လေ။ ဦးရုက္ခစိုးမလုပ်ပေးလည်း ကျုပ်ဘာသာ လုပ်တယ်။

ချိုကုပ်ဒူးကြီးမှာ ပြောပြောဆိုဆို သူ့ကိုယ်တွင် ဆက်သွယ်ထားသမျှသော ပိုက်ကြီး၊ ပိုက်ငယ် အသွယ်သွယ် ကို လျင်မြန်စွာ ဆွဲဖြုတ်လိုက်ရာ ဦးရုက္ခစိုးပင် တားချိန် မရလိုက်ချေ။ ဦးရုက္ခစိုး အံ့သြတကြီး ဖြစ်နေချိန်တွင် ချိုကုပ်ဒူးကြီးလည်း ဆန့်ငင် ဆန့်ငင် လေး၊ ငါး ခါ ဖြစ်ပြီး ငြိမ်သက် သွားလေတော့သည်။ သူ့မိသား တစု လုံးမှာ ပြာလောင်ခတ် ငိုယို၍ ဆရာဝန်များ ခေါ်ရန် အပြေးအလွှား အခန်းပြင်ဘက် ထွက်သွားကြ လေ သည်။

ထိုချိန်တွင် “ဟားဟားဟားဟား၊ ဟားဟားဟားဟား” ဆိုသော ရယ်သံကြီး တသံနှင့်အတူ အငွေ့ တထောင်းထောင်း ကြားက အနက်ရောင်ဝတ်စုံနှင့် လက်ထဲတွင်လည်း တံစဉ်အကြီးစားကဲ့သို့ ဘာမှန်း မသိသော အရာကြီး ကိုင်ဆောင်ထားသူတဦး ဘွားခနဲ ပေါ်လာလေသည်။

ရုက္ခစိုး။     ။ ခင်ဗျားက ဘယ်ဇာတ်ထဲကလဲ။

ထိုသူ။     ။ မြို့တော်သိန်းအောင် ဇာတ်ကလေ … အဲ ဟုတ်ပေါင် ယောင်လို့၊ ကျုပ်က သေမင်း … သေမင်း ဗျ။ ခင်ဗျားက ဘယ်သူလဲ၊ ပုံစံကိုက … ဇာတ်ခေါင်းကွဲလာတဲ့ ရုပ်နဲ့။

ရုက္ခစိုး။     ။ သေမင်းဖြစ်ကြောင်း ဘာထောက်ခံစာပါလဲ … ပြ။

သေမင်း။     ။ ထောက်ခံစာ ပြရအောင် ခင်ဗျားက ရဲလား၊ ကြံ့ဖွံ့လား၊ လဝကလား။ ဒီမှာ … ကျုပ်ပုံစံကို ခင်ဗျား ဗီဒီယိုတွေထဲမှာ မမြင်ဖူးဘူးလား။ ကျုပ်ကို မြင်တာနဲ့ သေမင်းဆိုတာ လူတိုင်းသိတယ်။ ထောက်ခံစာ မလိုဘူး။

ရုက္ခစိုး။     ။ ထားပါတော့လေ … သေမင်းဆိုတော့လည်း သေမင်းပေါ့ … ခင်ဗျားက အခု ဘာလာ လုပ်တာလဲ။ ကြည့်ရတာ ခင်ဗျားလုပ်လိုက်တာနဲ့ တူပါရဲ့ … ဟိုမှာ ချိုကုပ်ဒူးကြီး သေပြီ။

သေမင်း။     ။ အဲဒီကိစ္စ ကျုပ်လာတာပဲဗျ … ။

ထိုသို့ ပြောဆိုနေကြစဉ် … ချိုကုပ်ဒူးကြီး၏ ခန္ဓာကိုယ် စန့်စန့်ကြီးထဲမှ သူနှင့် တပုံစံတည်း အငွေ့တခု ထွက်လာလေသည်။

ချိုကုပ်။     ။ ဟားဟားဟား … နောက်ဆုံးတော့ ကျုပ်သေပြီလေ ဦးရုက္ခစိုးရဲ့ … ဘာတတ်နိုင်သေးလဲ။ ဟောဒီက မိတ်ဆွေကြီးက ကျုပ်ကို လာခေါ်တာ ထင်ပါရဲ့။ ကျေးဇူးပဲဗျာ။

သေမင်း။     ။ ဘာပြောတယ်။ ငါလာတာ မင်းကိုလာခေါ်တာ မဟုတ်ဘူး။ ငါက မင်း မသေသေးဘူး၊ သေလို့ မရသေးဘူး ဆိုတာ လာပြောတာ။

ချိုကုပ်။     ။ ခညာ။ တကယ်ပြောတာလား။ မဖြစ်နိုင်ပါဘူး။ သေပြီလေ … ဟိုမှာ ကျုပ်ရဲ့ ခန္ဓာကိုယ် စန့်စန့်ကြီး ဖြစ်နေတာ မြင်ရဲ့သားနဲ့။

သေမင်း။     ။ အဲဒါက မင်းဘာသာ ပေါက်ကရ လျှောက်လုပ်လို့ မျောနေတာ။ ကြည့်နေ မင်းကို အသက်ပြန်ဝင်အောင် လုပ်ကြလိမ့်မယ်။ မင်းသေရင် ဒီ လှိုင်လှိုင်ပန်းက ဒေါက်တာတွေ၊ ဝန်ထမ်းတွေ အားလုံး ထောင်နန်းစံရမှာဆိုတော့ မင်း သေလို့ မဖြစ်ဘူး။

ချိုကုပ်။     ။ သူတို့ ထောင်မကျစေရပါဘူး သေမင်းကြီးရယ်၊ ကျုပ် လက်မှတ်ထိုးပေးခဲ့ပါမယ်။ သေပါ ရစေနော်။

သေမင်း။     ။ မရဘူး … မင်းအတွက် အထူးသင့်လျော်တဲ့ ပြစ်ဒဏ် ငရဲပြည်မှာ မရှိသေးဘူးတဲ့ …၊ ခုနကပဲ ငရဲမင်းကြီးဆီက  မက်ဆေ့ခ်ျဝင်လာတယ်။ အဝီဇိကို တိုးချဲ့ဆောင် ဆောက်ပြီး မင်းအတွက် သီးသန့် ငရဲသားတွေငှားရဦးမှာ။ အင်တန်းရှစ်လောက်နဲ့ မရဘူးလေ၊ ကျွမ်းကျင် ငရဲသားတွေလိုတယ်။ အဲဒီအတွက် ဖန်ဒင်ကလည်း ပရိုပိုဇယ်တင်ထားတုန်း မကျသေးဘူးတဲ့။ ဒိုနာတွေက အထူးစဉ်းစားပေးမယ်တော့ ပြောတယ်တဲ့။ အဲဒီတော့ မင်း သေလို့မရသေးဘူး။

ချိုကုပ်။     ။ ဟာဗျာ …။ ခက်တာပဲ။ ဒီလိုလုပ်ပါလား။ ကျုပ် ခင်ဗျားလက်ထဲက တံစဉ်ကြီးကို ရွှေချပေးမယ်လေ။ အခုပဲ ကျုပ်ကို ခေါ်လိုက် … ဟုတ်လား။ နည်းသေးလို့လား … ခင်ဗျား မျက်နှာ ပေါက်ကြီးက ဆိုးကဆိုးနဲ့ …၊ ဒီ လှိုင်လှိုင်ပန်း ဆေးရုံကြီးက ပလတ်စတစ် ဆာဂျရီက အရမ်းကောင်းတာ။၊ ကျုပ် အကုန်အကျ ခံပေးမယ်။ ဟာ … ရှုပ်ပါတယ်ဗျာ၊ ဖြတ်ဖောက်ချုပ်ပါ လုပ်ချင်လား၊ ကျုပ်စိုက်မယ်ဗျာ။ စည်းစိမ်ပြုတ်ချင် ပြုတ်သွားပစေ။

ဘေးက နားထောင်နေသော ဦးရုက္ခစိုးကြီးက ချိုကုပ်ဒူးကြီးစကားကြောင့် ဘုရားတနေသည်။ သေမင်း ကတော့ တော်တော်လေး ဒေါသထွက်သွားသည်။ သို့သော်လည်း သူ့ဒေါသကို အစွမ်းကုန် ထုတ်သုံး ရန်မဖြစ်ကြောင်း သူသိသည်။

သေမင်း။     ။ ဟင်းဟင်း … ချိုကုပ်နော် ချိုကုပ်။ သေမင်းကိုတောင် လာဘ်လာထိုးနေတယ်။ မင်းကို မသေမချင်း သားရေပင်နဲ့ ပစ်သတ်ချင်တဲ့သူတွေ ရှိနေသေးလို့ပေါ့ကွာ …။ မဟုတ်လို့ကတော့လား၊ ငါ့စိတ်နဲ့ ငါ့ကိုယ်ဆို မင်းသေပြီ။

ချိုကုပ်။     ။ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ပေါ့ သေမင်းရယ်။ ကျုပ်ဆို ဘယ်သူ့စကားမှ နားထောင်တာ မဟုတ်ဘူး။ ကျုပ်လုပ်ချင်တာလုပ်ခဲ့တာ။ ခင်ဗျားကြီးလည်း အဲဒီလိုပဲ လုပ်စမ်းပါ။

သေမင်း။     ။ ဟေ့ကောင် … မင်း စကားကို ကြည့်ပြော၊ မပုတ်ခတ်နဲ့။ မင်းကို တတိုင်းပြည်လုံးက ပြည်သူတွေက ချက်ချင်း မသေစေချင်ဘူးကွ။

ချိုကုပ်။     ။ ဗျာ … ဟုတ်လား။ သြော် … ကျုပ်ကို ဒီလောက် ချစ်ကြမှန်း အခုမှပဲ သိတော့တယ်။ ဒီလိုမှန်းသိရင် ကျုပ် ပြည်သူတွေအပေါ် အခုလောက် မရက်စက်ပါဘူးဗျာ …။ အခု ရက်စက်တာရဲ့ ၁၀၀ ပုံ တပုံလောက် လျှော့ပေးခဲ့ပါတယ်။ ကျုပ် သိပ်မှားသွားပြီ။

ရုက္ခစိုး။     ။ ဘာတွေပြောနေတာလဲ ချိုကုပ်ဒူးကြီးရဲ့။ ခင်ဗျားကို ပြည်သူတွေက ချစ်တာမဟုတ်ဘူး၊ မုန်းတာ၊ မုန်းတာ။ မုန်းလို့ ချက်ချင်း မသေစေချင်တာ။ ခင်ဗျားရဲ့ အပြစ်ဒဏ်တွေကို လူ့ဘဝမှာတင် ပယ်ပယ်နယ်နယ် ခံစားတာကို မြင်ချင်ကြတာ။

ချိုကုပ်။     ။ သြော် ဟုတ်လား။ ထင်တော့ ထင်သား၊ ကျုပ်မျက်ခွက်ကြီးက သိပ်တော့ ချစ်စရာ မကောင်းပါဘူးလို့။ အဲဒါကြောင့် ပြောတာပေါ့ သေမင်းရဲ့။ ကျုပ်ကိုခေါ်ပါဆို။ ကျုပ်နှိပ်စက်ခဲ့သမျှ ကျုပ်ကို ပြန်လုပ်ကြတော့မယ်။

သေမင်း။     ။ မခေါ်ဘူး၊ မခေါ်ဘူး။ ဘယ်လိုနည်းနဲ့မှ မခေါ်နိုင်ဘူး။

ထိုစဉ် ချိုကုပ်ဒူးကြီး၏ မိသားစုက ပြာလောင်ခတ်ကာ လှိုင်လှိုင်ပန်း ဆေးရုံအတွင်းမှ ရှိရှိသမျှ ဆရာဝန်များကို အတင်း ခေါ်ဆောင်လာလေသည်။ ချိုကုပ်ဒူးကြီး၏ အပါးတော်မြဲ ချိုကုပ်တယောက်က ဆရာဝန်ကြီး တဦးကို သေနတ်ထောက်ကာ အမြန်ဆုံး ပြန်ရှင်စေရန် ကုခိုင်းနေလေသည်။

ရုက္ခစိုး။     ။ ကဲ … ပြန်ဝင်တော့လေ ချိုကုပ်ဒူးကြီး။

ချိုကုပ်။     ။ ဟင့်အင်း … ဝင်ဘူး၊ ဝင်ဘူး … ဝင်ဘူးဆို ဝင်ဘူး။

ရုပ်ကြမ်းကြီးဖြင့် နုနေသော ချိုကုပ်ဒူးကြီးကို သေမင်းက “ဒီလောက်တောင် ဖြစ်လှတာဟယ်” ဟု ကြိမ်းဝါးရင်း သူ့ ခန္ဓာကိုယ် စန့်စန့်ကြီးထဲ အတင်းထိုးထည့်လိုက်လေသည်။ ထိုအခါ ဆရာဝန်ကြီး ဘာမှ မလုပ်ရသေးမီ ချိုကုပ်ဒူးကြီးလည်း ငေါက်ကနဲ ထထိုင်လေတော့၏။

ကွိုင်ကွိုင်။     ။ ဟယ်။ မောင်တော် သတိပြန်ရပြီ။ မောင်တော်မသေဘူး၊ ဝမ်းသာလိုက်တာ၊ ဝမ်းသာလိုက်တာ။

ကွိုင်ကွိုင်က ဝမ်းသာလုံး ဆို့နေသော်လည်း မသေရသဖြင့် မပျော်နိုင်သူ ချိုကုပ်ဒူးကြီးမှာ ထွက်လာသော ဒေါသကို မည်သူ့အပေါ် ပုံချရမှန်းမသိ ဖြစ်နေရာက သူ့မယားကွိုင်ကွိုင်အပေါ်သာ ပုံချတော့မည်ဟု စိတ်ကူး မိပြီး နဘေးရှိ ထွေးခံကို ယူ၍ ကွိုင်ကွိုင့်ခေါင်းကို ဂေါက် ခနဲမြည်အောင် ထုချလိုက်လေတော့၏။     ။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသား ထားခြင်း မဟုတ်ပါ။

// ချိုကုပ်ဒူးကြီး၊ ဇနီးသည် ဒေါ်ကွိုင်ကွိုင်နှင့် နောက်ပါ ၇၀ ကျော်တို့ အိန္ဒိယပြည်သို့ ရောက်နေကြသည်။ ချိုကုပ်ဒူးကြီး၏ သတင်းမှာ  လတ်တလော လူကြိုက်အများဆုံး ဖြစ်နေပြီး ကောလာဟလ အမျိုးမျိုးလည်း ထွက်ပေါ်လျက်ရှိရာ ထိုသတင်းများ မှန်၊ မမှန်ကို ကျွန်ုပ်တို့၏ သတင်းထောက်ကျော် ဖိုးရှုပ်က သိချင်နေသည်။ အိန္ဒိယသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရသည်ကို အားမရ သောကြောင့် ကိုယ်တိုင် သွားချင်သော်လည်း လမ်းစရိတ် မတတ်နိုင်သဖြင့် ဖရီးရိုက် ကုန်းဆင်းလိုက်မည်ဟု ဆုံးဖြတ်ကာ ဦးရုက္ခစိုးကြီးကို အပူကပ်ရလေတော့သည်။
cmnat-than-shweဖိုးရှုပ်။     ။ သွားပေးပါ ဦးရုက္ခစိုးရယ်။ သတင်းက အကြီးကြီးမို့လို့ပါ။

ရုက္ခစိုး။     ။ ကိုယ့်ဘာသာ သွားပါလားကွ …။ မင်းက သတင်းထောက်ပဲ။
ဖိုးရှုပ်။     ။ သွားချင်ပါတယ်ဗျာ … ဒါပေမယ့် ရုံးက ထုတ်ပေးလိုက်တဲ့ လမ်းစရိတ်တွေကို ကြွက်စုတ်နဲ့အတူ အရက်သောက် လိုက်တာ ကုန်သွား … အဲ ယောင်လို့ … ကလေးနေမကောင်းတာနဲ့ သုံးလိုက်တာ ကုန်သွားလို့ပါ။ သွားပေးပါနော်။ ဦးရုက္ခစိုးက ဗီဇာဖရီး၊ လမ်းစရိတ်လည်း မကုန်ဘဲ သွားချင်ရာ သွားနိုင်တာပဲဟာ။
ရုက္ခစိုး။     ။ မသွားချင်ဘူးကွာ … ငါက ချင်းမိုင်မှာ ကန်မယ့် ရန်ကုန် ယူနိုက်တက်နဲ့ ချင်းမိုင်အက်ဖ်စီ ပွဲ နွှဲချင်သေးတယ်။
ဖိုးရှုပ်။     ။ ဟား … ဦးရုက္ခစိုး ဒိတ်အောက်သွားပြီ။ အဲဒီပွဲက ပြီးသွားပြီ လေ။ ချင်းမိုင်က အမျိုးသမီးအဖွဲ့တောင် ဆန္ဒပြမယ် ဆိုပြီး လက်သီး လက်မောင်းတွေ တန်းပြီး ချီတက်သွားကြပါရောလား။
ရုက္ခစိုး။     ။ ဟာ … ဟုတ်လား။ ဆန္ဒပြလိုက်တော့ ပွဲပျက်ကရောလား။
ဖိုးရှုပ်။     ။ ဆန္ဒတော့ မပြလိုက်ကြပါဘူး ဦးရုက္ခစိုးရယ်၊ သူတို့လည်း သူတို့ ဆန္ဒရှိတဲ့အတိုင်း ဘောလုံး သမားတွေနဲ့ ဓာတ်ပုံတွေ တွဲရိုက်ပြီး ဝက်ဝက်ကွဲ ပျော်လိုက်ကြတာနဲ့ မေ့သွားတယ် ထင်ပါတယ်။ ကဲပါဗျာ … တောင်းပန်ပါတယ်။ ချိုကုပ်ဒူးကြီး ရှိတုန်းလေး သွားပေးပါ … နော်။
ရုက္ခစိုး။     ။ ခက်တယ်၊ ခက်တယ်။ အပေါင်းအသင်း မှားရင် နတ်တောင် မခံနိုင်ပါလား။ ကဲ … ကဲ။ သွားပေးမယ် ဟုတ်လား။
ဖိုးရှုပ်။     ။ ဟား … ဝမ်းသာလိုက်တာ ဦးရုက္ခစိုးရယ်။ ဦးရုက္ခစိုးကို ယုံကြည်တယ်၊ လေးစားတယ်၊ ချစ်ခင်တယ်နော်။ သေသေချာချာလေး တွေ့ခဲ့ပါ နော် … နော် …။

ဦးရုက္ခစိုးမှာ ဖိုးရှုပ်၏ ပတ်ချွဲနပ်ချွဲသံများကို လျစ်လျူရှု၍ လက်ညှိုးတချောင်းထောင်ရင်း သွားလိုရာနေရာကို အာရုံပြုလိုက်ရာ … ဝုန်းခနဲအသံမမြည်ဘဲ ဗြုန်းခနဲ ဖိုးရှုပ်နားမှ ပျောက်ကွယ်သွား လေတော့သည်။
မဆလာနံ့နှင့် နွားချေးနံ့ကလေး သင်းနေသည့် ကြားထဲတွင် ပုပ်အဲ့အဲ့ အနံ့တခုကို ရလိုက်သဖြင့် ဦးရုက္ခစိုး မျက်စိမှိတ်ထားရာမှ ဖွင့်ကြည့်လိုက်သည်။
“ဟာ … ဦးရုက္ခစိုး” ဆိုသော ဝမ်းသာအားရ အသံတသံနှင့်အတူ ချိုကုပ်ဒူးကြီးတို့ လင်မယားကို ဦးရုက္ခစိုး တွေ့လိုက်ရလေသည်။
ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီးပါလား …။ ဘယ်လိုလဲ ချွေးသီးချွေးပေါက်တွေလည်း ကျလို့ … နေမကောင်း ဘူးလား။
ချိုကုပ်။     ။ နေကောင်းပါတယ် … ။ ဒီ ကတုံးကြီး ပြောနေတာတွေ နားမလည်လို့။ လုပ်ပါဦး … ဦးရုက္ခစိုး ဘာသာ ပြန်ပေးပါဦးဗျာ။
ချိုကုပ်ဒူးကြီးက ကတုံးကြီးဟု ခေါ်သူကိုကြည့်လိုက်ရာ အိန္ဒိယနိုင်ငံ၏ ငြိမ်းချမ်းရေး ဖခင်ကြီးဖြစ်သူ ဂန္ဒီကို တွေ့လိုက်ရ လေသည်။
ရုက္ခစိုး။     ။ ဟာ … ဘယ်က ကတုံးကြီးကမှာလဲ။ အဲဒါ ဂန္ဒီလေဗျာ။

ချိုကုပ်။     ။ ဟုတ်လား။ မသိပါဘူးဗျာ၊ ကျုပ်က နွားနို့လာရောင်းနေတာ မှတ်လို့ …။ လုပ်ပါဦး … သူ ဘာတွေ ပြောနေတာလဲ။
ဤနေရာတွင် စာမျက်နှာ အခက်အခဲကြောင့် ဦးရုက္ခစိုးက တဆင့်ဘာသာပြန်ပြနေသည်ကို မဖော်ပြ တော့ဘဲ ဂန္ဒီကြီး ပြောနေသော အင်္ဂလိပ် စကားများအား တိုက်ရိုက် မြန်မာလို ရေးသားပါမည်။
ရုက္ခစိုး။     ။ ဂန္ဒီက သေသွားတာပဲ ကြာလှပြီ … ဘာလို့ ဒီနေရာကို ရောက်နေရတာလဲဗျ။
ဂန္ဒီ။     ။ ဒါက ကျုပ်အထိမ်းအမှတ် သင်္ချိုင်း နေရာလေ။ ခါတိုင်းတော့ ကျုပ် ထွက်လာလေ့မရှိပါဘူး။ ဒီနေ့တော့ ဘာဖြစ်တယ် မသိဘူး ပူလွန်းတာနဲ့ ထွက်ကြည့်တာ … ဟောဒီက ချိုကုပ်ဒူးကြီး ဖြစ်နေတာကိုး။
ချိုကုပ်။     ။ အမယ် … ရာရာစစ၊ ကျုပ်ရောက်လာလို့များ ပူသလေးဘာလေးနဲ့ … သူ့ဘာသာသူ အဲကွန်း မသုံးဘဲနဲ့များ။

ရုက္ခစိုး။     ။ ဂန္ဒီကြီးက ပြောစရာ ရှိပုံရတယ် ချိုကုပ်ဒူးကြီး။
ဂန္ဒီ။     ။ ဟုတ်တယ်။ ကျုပ် ငြိမ်းချမ်းရေး တရား ဟောစရာရှိတယ်။ ဒီက ချိုကုပ်ဒူးကြီးကို ဟောချင်တယ်။ နားထောင်နော် … လောကကြီးမှာ လူလူချင်း ညှာတာထောက်ထားမှု ရှိရမယ်၊ ငြိမ်းချမ်းရေးကို ဦးထိပ် ပန်ဆင်ကြရမယ်။
ချိုကုပ်။     ။ ဒါတွေက ကျုပ်သိပြီးသားပါ။ လူလူချင်း ညှာတာထောက်ထားမှု ရှိသလားမမေးနဲ့ … ကျုပ်က ကျုပ်မိန်းမနဲ့ သားသမီးတွေ၊ မြေးတွေကို ဘယ်လောက် ညှာတာ ထောက်ထားမှုရှိလဲဆိုရင် … ကျုပ်ထက် ညှာတာ ထောက်ထားတဲ့ သူတောင် ကျုပ်လောက် ညှာတာ ထောက်ထားမှာ မဟုတ်ဘူး။ ငြိမ်းချမ်းရေးကိုလည်း ဦးထိပ် ပန်ဆင်ပါတယ်ဗျာ။ ပြောလိုက်စမ်းပါ ဦးရုက္ခစိုးရယ် …၊ ကျုပ်ရဲ့ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲထားတဲ့ အစီအစဉ်တွေကို …။
ရုက္ခစိုး။     ။ ဟုတ်ပါတယ်လေ။ ဒါပေမယ့် နယ်ခြားစောင့်တပ် ဖွဲ့ဖို့ လက်မခံတဲ့ ငြိမ်းချမ်းရေးအဖွဲ့တွေကို ဘာလုပ်ဖို့ စဉ်းစား ထားလဲ။
ချိုကုပ်။     ။ ငြိမ်းငြိမ်းချမ်းချမ်းပဲ ရှင်းပစ်မှာပေါ့ဗျ။ ကျုပ်ဘက်က သေနတ်တချက် မဖောက်ဘူး စိတ်ချ။ သူတို့အချင်းချင်း စိတ်ဝမ်းကွဲပြီး ပစ်ကြ ခတ်ကြရင်တော့ မသိဘူးနော်။ ကျုပ်နဲ့ မဆိုင်ဘူး။

ဂန္ဒီ။     ။ အင်း … ဘယ်လိုမှ ဆုံးမလို့ရမယ့်ပုံ မပေါ်ဘူး။
ချိုကုပ်။     ။ ဟာ … ဘယ်ရမလဲ … ကျုပ်ကပဲ ဆုံးမမှာ။ ဒီမှာ ဦးဂန္ဒီ၊ နောက်တခါ ကျုပ်လာရင် အဲဒီ ကတုံးကို မမြင်ချင်ဘူး။ ပြောင်ချော်ချော်ကြီးနဲ့ ကြည့်လို့ကို မရဘူး။ ရိုရိုသေသေ ဆံပင်လေး ဘာလေးနဲ့ ကြိုဆိုဗျာ နော်။
ဂန္ဒီ။     ။ ဒါက ကျုပ်ရဲ့ …။
ချိုကုပ်။     ။ နေဦး ရှိသေးတယ်။ ခင်ဗျား အဝတ်အစားတွေကလည်း အရမ်းအောက်တာပဲ၊ နောက်မှ ခင်ဗျားတို့ ဝန်ကြီးချုပ်ကို ခင်ဗျားအတွက် ဝတ်စုံတစုံလောက် ဆင်ပေးဖို့ ပြောပေးဦးမှပါပဲ။
ဂန္ဒီ။     ။ မှားပါတယ်၊ မှားပါတယ်။ ထွက်လာမိတာကိုက ကျုပ်အမှားပါ။ ကျုပ်ဘာသာကျုပ် အထဲ ပြန်ဝင်တော့မယ်။ ဒါပေမယ့် မသွားခင် ကျုပ်မြေးအတွက်ပေးခဲ့တဲ့ အပြစ်တရား ၇ ချက်ပါတဲ့ စာလွှာကို လက်ဆောင်ပေးလိုက်ပါရစေ။

ဂန္ဒီကြီးက စာလွှာကို ဒေါ်ကွိုင်ကွိုင်အား ပေးကာ နေရာမှ ပျောက်ကွယ်သွားတော့သည်။ ဘေးတွင် ရပ်နေသော ဒေါ်ကွိုင်ကွိုင်က “အဲဒီစာလွှာက ဘာလုပ်ဖို့လဲ မောင်တော်” ဟု လှမ်းမေးသည်။
ချိုကုပ်။     ။ ယူသာ ယူထားလိုက်ပါကွာ … အဲဒါတွေက တို့နဲ့ မဆိုင်ပေမယ့် တခြားသူကို ဆုံးမသြဝါဒ ခြွေတဲ့ အခါကျရင် အသုံးတည့်တာပေါ့။
ရုက္ခစိုး။     ။ ဒါနဲ့ ချိုကုပ်ဒူးကြီးက ရန်ကုန်က အာဇာနည်ကုန်းတောင် တခါမှမသွားဘဲ … ဂန္ဒီကြီးရဲ့ သင်္ချိုင်း ကျတော့ ဘာသွားလုပ်တာလဲ။
ချိုကုပ်။     ။ အာဇာနည်ကုန်းလား … ထားလိုက်စမ်းပါဗျာ …။ ဒီနေရာကတော့ နာမည်ကြီးတဲ့ နေရာဆိုလို့ သွားကြည့်တာ၊ အခုလို ကတုံးကြီးနဲ့ တွေ့မယ်မှန်းသိရင် မလာပါဘူး။ သိပြီးသားတွေများ လာပြောနေ သေးတယ်။ ကျုပ်က သူများကိုပဲ သြဝါဒခြွေချင် တာဗျ … သူများ ဆုံးမတာ ခံချင်တာ မဟုတ်ဘူး။
ရုက္ခစိုး။     ။ မြန်မာပြည်က သံဃာတွေကျ သတ်တာတွေ၊ ရိုက်တာတွေလုပ်ပြီး အိန္ဒိယရောက်နေတဲ့ မြန်မာပြည်က သံဃာတွေ ကျတော့ ဝတ္ထု ကပ်တယ်ဆိုတော့ တမျိုးကြီးပဲနော်။

ကွိုင်ကွိုင်။     ။ ဦးရုက္ခစိုးကြီးကလည်း စပ်စုလိုက်တာ လွန်ရော …။ ယတြာချေတာရှင့် ယတြာချေတာ သိပြီလား။
ရုက္ခစိုး။     ။ ဗျာ … ယတြာ ဟုတ်လား။ မြန်မာပြည်မှာ ယတြာချေရတာ အားမရလို့လား။
ချိုကုပ်။     ။ တနိုင်ငံလုံးက သံဃာတွေက ကျုပ်ကို ကံဆောင်ထားတော့ သံဃာ ၂၇ ပါး ပြည့်အောင် လှူလို့ မရဘူးလေ။ ဗေဒင်ကလည်း ၉ နဝင်းကြေအောင် ၂၇ ပါး အပြည့်လှူရမယ်တဲ့။ အဲဒါကြောင့် အိန္ဒိယအထိ လာလှူရတာ။
ရုက္ခစိုး။     ။ ချိုကုပ်ဒူးကြီးနောက်မှာ နောက်လိုက် နောက်ပါတွေကလည်း များလိုက်တာဗျာ … ဘယ်လိုဖြစ်တာလဲ။
ချိုကုပ်။     ။ များဆို … ဖင်တွန့်တုန်းကလို ကျုပ်အပြင်ထွက်တုန်း အာဏာသိမ်းကြမှာ စိုးလို့ အကုန်ခေါ်လာတာ။ အခုတော့ အေးအေးဆေးဆေးပဲ၊ မောင်ကွေးတော့ ချန်ခဲ့တယ်။ သူကတော့ စိတ်ချရတယ်လေ။ အရက်တလုံး ထောင်ပေးခဲ့ရင် ကျေနပ် နေတဲ့ကောင်။ သေချာ အိမ်စောင့် ထားလိမ့်မယ်။

ရုက္ခစိုး။     ။ အခု ခရီးစဉ်မှာ ချိုကုပ်ဒူးကြီးရဲ့ အဓိက လုပ်ငန်းစဉ်က ဘာလဲဗျ။
ချိုကုပ်။     ။ ကဲ … ကွိုင်ကွိုင်ပဲ ဖြေလိုက်ပါတော့၊ မောင်တော်ကမှ မသိဘဲ … အဲ ဟုတ်ပေါင် … မောင်တော် မောတော်မူလို့။
ကွိုင်ကွိုင်။     ။ အဓိကကတော့ ယတြာချေဖို့ပဲလေ ဦးရုက္ခစိုးရဲ့၊ ယတြာခြေရင်း တခြား စီးပွားရေး ပူးပေါင်းဆောင်ရွက်ဖို့တို့ ဘာတို့ လုပ်ချင်ယောင်၊ ပြောချင်ယောင် ဆောင်ကြမှာပေါ့။ အိန္ဒိယက ပညာရှင်တွေနဲ့လည်း ပုဂံက အာနန္ဒာစေတီကြီးကို ဖျက် … အဲ ပြုပြင်ဖို့ ပြောပြီးပြီ။ အဲဒါကြီးပြင်ပြီးရင် အကုန်အောင်ပြီ ဦးရုက္ခစိုးရဲ့။
ချိုကုပ်။     ။ ဒလက ဓနုတ်စေတီကြီးလို ဖြစ်ရင် ဘယ်လိုလုပ်မလဲ။
ကွိုင်ကွိုင်။     ။ ဟယ် … ဦးရုက္ခစိုးပါးစပ်ကို ရွှေချထားဖို့ ကောင်းနေပြီ မောင်တော်ရေ …။ အဲဒီလို ဖြစ်အောင်လုပ်ရမှာ … မောင်တော်ရဲ့ သမိုင်းတွင်ကျန်ရစ်မယ့် အမည်းစက်တွေအားလုံး ကင်းစင်ဖို့ သမိုင်းဝင်ပစ္စည်းတွေ အဆောက်အအုံတွေ စေတီတွေအားလုံးကို ပြင်ချင်ယောင်ဆောင်ပြီး ဖျက်ရမယ်လေ …။ ဖျက်နိုင်ရင် အောင်ပြီ …။

ဒေါ်ကွိုင်ကွိုင့် စကားအဆုံးတွင် သူတို့ရပ်နေသော မြေကြီးမျက်နှာပြင် သိမ့်ခနဲ လှုပ်သွားသောကြောင့် ဦးရုက္ခစိုးမှာ ကိုယ်ဖျောက်ရန် မေ့သွားပြီး ဖနောင့်နှင့်တင်ပါး တသားတည်း နေအောင် ပြေးတော့သည်။ သို့ရာတွင် ထိုသို့ မြေကြီး လှုပ်ရှားသည်ကို ချိုကုပ်ဒူးကြီးနှင့် ဒေါ်ကွိုင်ကွိုင်တို့အဖွဲ့မှာ ကောင်းချီးသြဘာ ပေးသည်ဟု ထင်မှတ်၍ လက်ခုပ် လက်ဝါးတီးရင်း အိန္ဒိယ အကများဖြင့် ကခုန်၍ ကျန်ခဲ့လေတော့၏။
“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

ကြွက်စုတ်။     ။ အဲဇလုံက လေယာဉ်မယ်တွေနဲ့ မင်းသမီးတွေ ကန်မယ့် ဘောပွဲ မကန်ဖြစ် တော့ဘူးတဲ့ စိတ်မကောင်း လိုက်တာ။

ဖိုးရှုပ်။     ။ ဟာ … ဟုတ်လား။ သွားပါပြီ။ ငါက အဲဒီပွဲကန်ရင် ဦးရုက္ခစိုးကို တန်ခိုးနဲ့ သွားကြည့်ခိုင်းပြီး ပြန် ဖောက်သည်ချ ခိုင်းမလို့ကွ။

ရုက္ခစိုး။     ။ အောင်မာ … ငါ့တန်ခိုးကိုများ အလွဲသုံးစား လုပ်ဦးမယ်။ တော်တော် ဟုတ်တဲ့ ကောင်တွေ။
ဗီယက်နမ်နိုင်ငံ ဟနွိုင်းတွင် ကျင်းပနေသော အာဆီယံ စည်းဝေး ခမ်းမကြီး၏ အပြင်ဘက်တွင် ငုတ်တုတ် ထိုင်ရင်း ဖိုးရှုပ်နှင့် ကြွက်စုတ်တို့ စကားကောင်းနေကြစဉ် ဦးရုက္ခစိုးရောက်လာခြင်း ဖြစ်သည်။
ကြွက်စုတ်။     ။ ဟာ … ဦးရုက္ခစိုးကလည်း အသံမပေး ဘာမပေးနဲ့။
ဖိုးရှုပ်။     ။ အင်းလေ … လန့်တောင်လန့် သွားတယ်။ ဒါနဲ့ … ဦးရုက္ခစိုး ပြောပုံအရ ကျနော်ပြောတဲ့ ဘောလုံးပွဲကို မသွားချင်တဲ့ပုံပဲနော်။
ရုက္ခစိုး။     ။ ဘယ်ဟုတ်မလဲကွ။ လုပ်ဖြစ်ရင် သွားမှာပေါ့။ တလွဲတွေတော့ မတွေးနဲ့နော်၊ ငါက ခေတ်နောက်ကျတဲ့ နတ် ဖြစ်မှာစိုးလို့ …။
ဖိုးရှုပ်။     ။ ထားပါတော့ဗျာ …။ ဒါနဲ့ ဟေ့ကောင် ကြွက်စုတ် မင်းသမီးတွေနဲ့ လေယာဉ်မယ်တွေက ဘာလို့ ဘောလုံး မကန်ကြတော့တာတဲ့လဲ။ သေချာစီစဉ်ပြီးမှ ပျက်ရတယ်လို့ကွာ … တောက်။

ကြွက်စုတ်။     ။ တွန်းတွန်းတိုက်တိုက် ကစားတဲ့အခါကျရင် မင်းသမီးတွေမှာ တပ်ထားတဲ့ စီလီကွန်တွေ နေရာရွေ့ကုန်မှာ စိုးလို့တဲ့ …။
ဖိုးရှုပ်။     ။ ဟာ … မင်းသမီးတွေက စီလီကွန်တွေနဲ့လား၊ အစစ်တွေ မဟုတ်ဘူးလား၊ ဟုတ်လား ဦးရုက္ခစိုး။
ရုက္ခစိုး။     ။ ဟာ … ငါ ဘယ်သိမှာလဲ။ မင်းက သတင်းထောက်ပဲ ကိုယ့်ဘာသာ မေးပါလား။
ကြွက်စုတ်။     ။ ကြည့်ရတာ သူတို့မှာ တပ်ထားတဲ့ စီလီကွန်တွေရဲ့ အရည်အသွေးကြောင့် ဖြစ်လိမ့်မယ်။
ရုက္ခစိုး။     ။ နေစမ်းပါဦး၊ နေစမ်းပါဦး …။ မင်းတို့က အာဆီယံ အစည်းအဝေးကို လာတာလား၊ စီလီကွန် ကွန်းဖရန့်စ် လာတက်တာလား။

ဖိုးရှုပ်။     ။ အာဆီယံ အစည်းအဝေး လာတက်တာဆိုပေမယ့် ဘာများ စိတ်ဝင်စားစရာကောင်းတာ ရှိလို့လဲ ဦးရုက္ခစိုးရယ်။ အဲဒီတော့ စီလီကွန်အကြောင်း ပြောနေတာကမှ ဗဟုသုတရသေးတယ်။ ဟုတ်တယ်နော် ကြွက်စုတ်။
ထိုသို့ ရောက်တတ်ရာရာ စကားများကို အရည်မရ၊ အဖတ်မရ ကွမ်းစားရသကဲ့သို့ ပြောနေကြစဉ် သူတို့ နားသို့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ပျင်းနှင့် အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင်ပစ်ထည့်လိုက် တို့ လျှောက်လာသည်ကို တွေ့လိုက်ရသည်။
တွင်းချုပ်။     ။ ဘယ်လိုလဲ အဆွေတော်၊ အာဆီယံ စည်းဝေးမှာ ဆွေးနွေးသွားတဲ့ မြန်မာ့အရေးကိစ္စတွေကို ရွှေဘောတော် ကျရဲ့လား။

ဉာဏ်ပျင်း။     ။ ကျပါတယ် ကျပါတယ်။ သိပ်နားမလည်တာကလွဲရင် တော်တော် စိတ်ဝင်စားစရာ ကောင်းပါတယ်။
တွင်းချုပ်။     ။ ထင်တယ်၊ ထင်တယ်။ အစည်းအဝေးပွဲမှာ … အဆွေတော် သေချာ နားစိုက်ထောင်နေတာ တွေ့ရတယ်။ ဘယ်အပိုင်းကို စိတ်အဝင်စားဆုံးလဲဗျ။

ဉာဏ်ပျင်း။     ။ စိတ်အဝင်စားဆုံးကတော့ မြန်မာပြည်က မင်းသမီးတွေ စီလီကွန် အပြည့်အဝသုံးနိုင်ဖို့ နည်းပညာတွေ ဖလှယ်မယ်ဆိုတဲ့ ကိစ္စပဲ။
တွင်းချုပ်။     ။ ဗျာ … နည်းနည်း လွဲနေပြီထင်တယ်။ စီလီကွန်နဲ့ အာဆီယံနဲ့များ မှားရော့သလား။
ဉာဏ်ပျင်း။     ။ သြော် … အဟဲ … ဖြစ်နိုင်ပါတယ်၊ ဖြစ်နိုင်ပါတယ်။ အသံထွက်တွေက နည်းနည်းမြန်တော့ နားကြား လွဲသွားတာပါ။
သူတို့ ပြောသမျှကို ဦးရုက္ခစိုးတို့ ၃ ဦးသား ကြားနေရသည်။
ကြွက်စုတ်။     ။ သူလည်း ကျနော်တို့လို စီလီကွန် ကွန်းဖရန့်စ် လာတက်တယ်လို့ ထင်နေလား မသိဘူးနော် ဦးရုက္ခစိုး။

တွင်းချုပ်။     ။ ဒါနဲ့ အဆွေတော်က ဘာလို့ ရွေးဂေါက်ပွဲလုပ်မယ့် အချိန်ကို နှာစေးနေရတာလဲဗျာ။
ဉာဏ်ပျင်း။     ။ နှာစေးတာမဟုတ်ပါဘူးဗျာ … ဂျပန်တုပ်ကွေးပါ မိတာပါ။ တကယ်ပြောတာ၊ ကျုပ် တကယ်ကို ဘာမှ မသိပါဘူး၊ ဘုရားစူးရပါစေရဲ့ … ချိုကုပ်ဒူးကြီး သင်လွှတ်လိုက်တဲ့အထဲ အဲဒါ လုံးဝ မပါပါဘူး ခညာ။ ဒီလို လုပ်ပါလား။ ဒါမျိုး ဟိုစပ်စပ် သည်စပ်စပ်က ဦးသိန်းဂိန် သိတတ်တယ်။ သူ့မေးလေ။
တွင်းချုပ်။     ။ မေးပြီးပြီ … သူကလည်း … မသိဘူးတဲ့။ ဦးရုက္ခစိုးကို ဆိုလား မေးကြည့်တဲ့။ သူက နတ်ဆိုတော့ သိနိုင်တယ်တဲ့ဗျ။
ဆူရင်ပစ်ထည့်လိုက် က ပြောအပြီးတွင် ဦးဉာဏ်ပျင်း မျက်နှာကြီးက ပါမစ်အကြီးစားတခု ရလိုက်သကဲ့သို့ ဝင်းခနဲ ဖြစ်သွားလေသည်။
ဉာဏ်ပျင်း။     ။ (ဦးရုက္ခစိုးကို လက်ညှိုးထိုးရင်း) ဟာ … သူပဲ … သူပဲ။ သူ့ကိုမေး၊ သူ့ကိုမေး။

တွင်းချုပ်။     ။ ဟုတ်လား။ လုပ်ပါဦး ဒီက အဆွေတော်နတ်ကြီးရယ်။ မြန်မာနိုင်ငံ ရွေးဂေါက်ပွဲက ဘယ်တော့ လုပ်မှာတဲ့လဲ။
ရုက္ခစိုး။     ။ ကျုပ်လည်း နတ်သာဖြစ်တာ ဒီလောက်ကြီးတော့ မသိဘူးဗျ။ ဒါပေမယ့် ကျုပ် ချိုကုပ်ဒူးကြီးကို မေးကြည့် ထားပါတယ်။
တွင်းချုပ်။     ။ အင်း လက်ရှိမှာ သူက နိုင်ငံ့ ခေါင်းရှောင်ကြီးဆိုတော့ သူကတော့ သိမှာပဲ။ ဘာပြောလဲဗျ ရုက္ခစိုး။     ။ သူကလား … မသိဘူးတဲ့ … သူ့မိန်းမ ကွိုင်ကွိုင့်ကို မေး … တဲ့။
ဖိုးရှုပ်။     ။ အင်း … သပွတ်အူကမှ ဒီထက် ရှင်းမယ့်သဘောရှိတယ်နော် ဦးရုက္ခစိုး။ ဒေါ်ကွိုင်ကွိုင်ကိုကော မေးသေးလား။

ရုက္ခစိုး။     ။ မေးတာပေါ့ကွာ …။ ကွိုင်ကွိုင်ကလည်း ပြောပါတယ်။ ဗေဒင်ဆရာကို မေးကြည့် … တဲ့
ကြွက်စုတ်။     ။ ထင်တော့ ထင်သားပဲ … ဗေဒင်ဆရာကကော ဘာပြောလဲ။
ရုက္ခစိုး။     ။ ဗေဒင်ဆရာက ငါ့လာမေးတယ်လေ။ ငါနေတဲ့ ညောင်ပင်ကြီးမှာ လာမေးတာ။
ဉာဏ်ပျင်း။     ။ ကဲ ဆူရင်ပစ်ထည့်လိုက် ဆိုတဲ့ အဆွေတော် … ခုလောက်ဆို သဘောပေါက်ရောပေါ့။
တွင်းချုပ်။     ။ ပေါက်ပါပြီ ပေါက်ပါပြီ … ပေါက်ရုံတင်မကဘူး … ဂေါက်ပါ ဂေါက်ချင်နေပြီ။ ဒါနဲ့ အဆွေတော်ရယ် … အဲဒီ အဆွေတော်တို့ရဲ့ … ရွေးဂေါက်ပွဲ … ပွဲ …။

စကားမဆုံးသေးခင် ဦးဉာဏ်ပျင်းက လက်ကာပြလိုက်သောကြောင့် မီးဝါဖြတ်မောင်းရန်ကြိုးစားသည့် ဘတ်စ်ကားကို လမ်းပြပုလိပ်က ခရာမှုတ်၍ ရုတ်တရက်တားလိုက်သလို ဆူရင်ပစ်ထည့်လိုက် တယောက် စကားမဆက်နိုင်ဘဲ ဆန့်ငင်ဆန့်ငင်နှင့် ရပ်သွားရသည်။
ဉာဏ်ပျင်း။     ။ ဒီမှာ အဆွေတော် … အစည်းအဝေးပွဲထဲမှာလည်း ဒီရွေးဂေါက်ပွဲအကြောင်းပဲ နားညည်းအောင် ပြောပြီးကြပြီ။ ကျုပ်နားတွေလည်း အူနေပြီ … တော်ပါတော့။
ဖိုးရှုပ်။     ။ ဝန်ကြီးက သူတို့ပြောသမျှ နားလည်တယ်နော်။ တော်လိုက်တာ။
ဉာဏ်ပျင်း။     ။ နားလည်တာပေါ့ကွ။ အလက်ရှင် ဆိုတာ ရွေးဂေါက်ပွဲ … ငါ အလွတ်ကျက်လာတာ။ ကျန်တာတွေတော့ ဘာတွေပြောနေမှန်း မသိပါဘူး။ နားကို ညည်းနေတာပဲ။
တွင်းချုပ်။     ။ ဒါဆို အဆွေတော်ကို ကြည့်ရတာ ရွှေဘောတော် သိပ်ကျပုံမရဘူး ဟုတ်လား။

ဉာဏ်ပျင်း။     ။ ဟုတ်တယ်။ အဲဒီကိစ္စကို ရွှေဘောတော်ကော၊ ငွေဘောတော်ပါ မကျဘူး။
တွင်းချုပ်။     ။ ဟုတ်ပြီလေ … နောက်တခါကျ ရွှေဘောတော် ကျရလေအောင်။ အာဆီယံ အစည်းအဝေးမှာ ဘာတွေ ဆွေးနွေးပြောဆိုသင့်လဲဆိုတာ အကြံပေးခဲ့ပါဦး။
ဉာဏ်ပျင်း။     ။ ဟျူးမန်းအင်းထရက်စ် ကိစ္စလေးတွေ လုပ်စမ်းပါဗျာ …။ ခုနက ပြောတဲ့ … စီလီကွန် ကိစ္စလေးဘာလေးပေါ့။ ကျုပ်တို့ ချိုကုပ်ဒူးကြီးကလည်း … နည်းပညာသစ်တွေ သိပ်စိတ်ဝင်စားတာ။ ဒါမျိုးလေးတွေ ပြောရင် သူ တော်တော် ကြိုက်မှာပဲ။
ထိုစဉ် “ကြံ့ဖွံ့ပါတီ တို့ပါတီ၊ ပါတီဆိုတာ ပီတာပါ။ ပီတာဆိုတာ ပါဠိလို ဖခင်ပါ … တူ့နယ်ဗျောင်။ ဒါကြောင့်မို့ သူငယ်ချင်းတို့ရာ ကြံ့ဖွံ့ကို ဖခင်သဖွယ် သဘောထားလို့ … မဲ … ပေးကြပါ၊ မဲပေးကြပါ … မဲမဲကြီး … မဲမဲကြီး ပေးကြပါလားကွာ … ဗဗေဗေ့ ဗျောင်” ဆိုသည့် အဆိုတော် ဒိုင်ပြာ သီဆိုထားသော် သီချင်းသံ ရုတ်တရက် ထွက်ပေါ်လာသည်။ အားလုံး အံ့သြ သွားစဉ် ဦးဉာဏ်ပျင်းက ဖုန်းကိုင်လိုက်သည်။ သူ့ ဟန်းဖုန်းတွင် ထည့်ထားသည့် သီချင်းသံဖြစ်သည်။ ချိုကုပ်ဒူးကြီးထံမှ ဖုန်းဖြစ်၏။
“ဟဲလို … အမိန့်ရှိပါ ခညာ”
“ချိုကုပ်ဒူးကြီး ပြောနေတယ်။ ဉာဏ်ပျင်း … မင်း ဘာတွေ လျှောက်လုပ်နေလဲ”

“ကျနော် ဘာမှ မလုပ်သေးဘူးလေ။ သူတို့မေးသမျှလည်း ချိုကုပ်ဒူးကြီး ပြောသလို မသိဘူးလို့ပဲ ပြောလိုက်တယ်”
“အေး ကောင်းတယ်။ မင်း ဘယ်တော့ပြန်လာမလဲ”
“ကျနော် … တူး … တူမောရိုးကျရင် ပြန်လာမယ်”
“တူး တူမောရိုးဆိုတော့ သဘက်ခါပေါ့။ ဟုတ်ပြီ။ ဒါဆို မင်း ငါမှာတာ သေချာလုပ်ခဲ့”
“ဟုတ်ကဲ့ … ဘာမှာမလို့လဲ ချိုကုပ်။ ရွေးဂေါက်ပွဲနဲ့များ ပတ်သက်နေလား ခင်ညာ”
“ဟာ … အဲဒီ ရွေးဂေါက်ပွဲ အသာထားစမ်းပါ။ ငါနိုင်မယ့် ပွဲပဲဟာ။ ငါစိတ်ဝင်စားတာက သပ်သပ် …။ အခု ခေတ်စားနေတဲ့ စီလီကွန်ဆိုတာလေ၊ အဲဒါ ငါစားချင်တယ်။ နည်းနည်းလောက် ဝယ်ခဲ့စမ်းပါ။ တကယ်လို့ ကောင်းတယ်ဆိုရင် အင်ပို့ လိုင်စင်ချပေးမယ်”
“ဟာ … ချိုကုပ်။ အဲဒါက စားစရာမဟုတ်ဘူးခင်ဗျ။ အဲဒါက ခန္ဓာကိုယ် အချိုးအစား လှပပြေပြစ် ကြီးမား ဖွံ့ထွားအောင် ခုတာခံတာလေ။ ခွဲစိတ်ပြီး ကိုယ်ထဲမှာ ထည့်ရတာ”
“ဟာ … ဒါဆို ပိုကောင်းတာပေါ့။ ဒီလိုလုပ် … မင်း အပြန်ကျ ဘန်ကောက်ဝင်ပြီး အဲဒီက အကောင်းဆုံး ဆေးရုံတရုံမှာ အလှဆုံး ဘော်ဒီဖြစ်အောင် ခုခဲ့ ခံခဲ့၊ ခွဲစိတ်ပြီး သေချာထည့်ခဲ့ … ကြားလား။ မင်းပြန်လာလို့ ကောင်းတယ်ဆိုရင် ငါလည်း လုပ်မယ်၊ ဒါပဲ”
ဦးဉာဏ်ပျင်း စပီကာ မပိတ်ဘဲ ဖုန်းပြောမိနေသောကြောင့် အထက်ပါ အပြန်အလှန်စကားများ အားလုံးကို အတိုင်းသား ကြားလိုက်ရခြင်းဖြစ်ပါသည်။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

ရန်ကုန်သားတာတေ Wednesday, June 23, 2

“ပန်း ….. နွယ် …. က ….. စိမ်း … အိမ်အိန်း … စိမ်း … အိန်းအိန်း … စိမ်း”

သွားလေသူ နာမည်ကျော် မြန်မာသံ အဆိုရှင်ကြီး တွံတေး သိန်းတန်၏ အလွန် ဆွတ်ပျံ့ လွမ်းမောဖွယ်ရာ သီချင်းသံနှင့် အတူ အသံချဲ့စက် ၂ လုံး ချိတ်ဆွဲ ထားသော ထီလှည်း တလှည်း တရွေ့ရွေ့ဖြင့် လှမ်းလာနေသည်။ မြန်မာပြည်သို့ ဗီဇာလျှောက်စရာ မလိုဘဲ ဝင်ချင်သလိုဝင် … ထွက်ချင်သလို ထွက်နေနိုင်သော ချင်းမိုင်က ဦးရုက္ခစိုး၊ ရူးချင်ယောင်ဆောင်ကာ အပေါ်လမ်းမှ တမျိုး … အောက်လမ်းမှတသွယ် ဝင်လိုက် ထွက်လိုက် လုပ်နေကြသော ဖိုးရှုပ်နှင့် ကြွက်စုတ် ပေါင်း သုံးဦးတို့မှာ သူတို့ထံ တရွေ့ရွေ့ချဉ်းကပ်လာသော ထီလှည်းကို စိတ်ဝင်စားစွာ ကြည့်နေကြသည်။

ထီလှည်းကို တွန်းလာသူမှာ နံ့သာရောင်ကြိုးကြီးချိတ်၊ ခုံမြင့်ကတ္တိပါ ဖိနပ်၊ ရင်ဖုံးတိုက်ပုံတို့ကို သေသပ်စွာဆင်ရင်ထားပြီး ခေါင်းပေါင်းစ ညာချထားသည့် ဝန်ကြီးချုပ် ဦးသိန်းဂိန် ဖြစ်နေကြောင်း အံ့သြဖွယ်ရာ တွေ့မြင်လိုက်ရသည်။ ထီလှည်းက သူတို့နားတွင် ရပ်သွားသည်။

“ပန်း … နွယ်က … စိမ်း … အိန်း …. ကလောက်”

ဝန်ကြီးချုပ် ဦးသိန်းဂိန်က သီချင်းဖွင့်ထားသော ကက်ဆက်ကို ပိတ်ကာ သတိအနေအထား ရပ်ရင်း “လေးစားပါတယ် ဦးရုက္ခစိုး” ဟု ပြောလိုက်သည်။

ရုက္ခစိုး။     ။ ဝန်ကြီးချုပ်က ကျုပ်ကို ဘာလို့ လေးစားရတာလဲဗျ။

သိန်းဂိန်။     ။ ကမ်ပိန်းလုပ်တာလေ။ စည်းရုံးတာ။
ဖိုးရှုပ်။     ။ စည်းရုံးတာတော့ ဟုတ်ပါပြီ။ ဘာလို့ ဝန်ကြီးချုပ်က ထီလှည်းကြီး တွန်းလာတာလဲဗျ။ စည်းရုံးရေးဆင်းရင်း တပါတည်း ထီရောင်း ရန်ပုံငွေရှာမလို့လား။

ကြွက်စုတ်။     ။ အဲဒီလိုတော့ မလုပ်နဲ့နော်။ ကျနော်တို့က ထီထိုးတာ ဝါသနာမပါဘူး။ ဘောလုံးပွဲပဲလောင်းတာ။ ဒါလည်း ပြင်သစ်ရှုံးတာနဲ့ ကုန်ပြီ။

သိန်းဂိန်။     ။ ဘယ်ကလာ ထီရောင်းရမှာလဲ။ “သိန်းသန်းကုဋေ ကုဋာ” ဆိုင်က ထီလှည်းကို ခဏငှားလာတာဗျ။ ပါတီ စည်းရုံးရေးကို ကော်မရှင်က ညွှန်ကြားထားတဲ့ စည်းကမ်းချက်လည်း ဘောင်ဝင်အောင်၊ ကျုပ်တို့လည်း အဆင်ပြေအောင် လုပ်ချင်လို့။

ရုက္ခစိုး။     ။ ပါတီ စည်းရုံးရေး ဆင်းတယ်လည်း ပြောသေးတယ်။ ဘာလို့ တွံတေးသိန်းတန် သီချင်းကြီး ဖွင့်ထားရတာလဲ။

သိန်းဂိန်။     ။ ဒါကတော့ ပါတီရဲ့ လိုဂိုကို ကြော်ငြာတဲ့သဘောပါ။ ကျုပ်တို့ပါတီကလည်း အစိမ်း။ သီချင်းကလည်း ပန်းနွယ်က စိမ်းမဟုတ်လား။ လူတွေ မှတ်မိသွားအောင်လို့ …။ နောက်ပိုင်းကျရင် စိမ်းသရဖူစိမ်းတို့၊ မမ စိမ်းတို့၊ မစိမ်းကားရဲ့ မာယာ သဲကိုးဖျာတို့ အဲဒီ သီချင်းတွေ ဖွင့်ဦးမှာ။

ကြွက်စုတ်။     ။ ကော်မရှင်ရဲ့ ညွှန်ကြားချက်အတိုင်း ဘောင်ဝင်အောင် လုပ်တယ်ဆိုတာ ဘာလဲဗျ။

သိန်းဂိန်။     ။ သြော် … အသံချဲ့စက်ကို စည်းရုံးရေးလုပ်တဲ့ နေရာအကျယ်အဝန်းမှာ ကြားရုံပဲ ဖွင့်ရမယ်လို့ ပါတယ် မဟုတ်လား … ။ အခု ကျုပ်က လမ်းပေါ်မှာ ထီလှည်းနဲ့ လိုက်လှည့်တာဆိုတော့ ဒီတရပ်ကွက်လုံးကြားအောင်တောင် အော်လို့ ရတယ်။ စည်းကမ်းလည်း ဘောင်ဝင်တယ်၊ ကျုပ်လည်း အဆင်ပြေတယ်။

ရုက္ခစိုး။     ။ ကော်မရှင် စည်းကမ်းချက်ထဲမှာ ပါတီအလံကို လွှင့်ပြီး လူစုလူဝေးနဲ့ ချီတက်တာတို့၊ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်လည်တာတို့ မလုပ်ရဘူးလို့လည်း ပါတယ်နော်။

သိန်းဂိန်။     ။ ဟုတ်တယ်လေ။ ထီလှည်းနဲ့ မလှည့်ရဘူးလို့ မပါဘူးမဟုတ်လား။ အခု ကျုပ်တို့ ပါတီအဖွဲ့ဝင် ဝန်ကြီးတွေက တခြား အစီအစဉ်တွေနဲ့ စည်းရုံးရေးဆင်းဖို့ ကြံစည်ထားသေးတယ်။

ကြွက်စုတ်။     ။ ဘယ်လို အစီအစဉ်တွေလဲဗျ။

သိန်းဂိန်။     ။ တချို့က ဦးရှင်ကြီးတင်တဲ့ စင်မှာ အလံထောင်ပြီး လှည်းပေါ်တင်တွန်းရင်း စည်းရုံးရေး ဆင်းမယ်၊ တချို့ ကတော့ ဆိုက်ကားမှာ အလံထောင်ပြီး လှည့်မယ်။ ဦးရှင်ကြီးတင်ချင်တဲ့ အိမ်တို့၊ ဆိုက်ကားစီးတဲ့သူ တို့ကို စည်းရုံးရေး ဆင်းပြီးသား ဖြစ်သွားတာပေါ့ဗျာ။ ဝန်ကြီးတွေ နင်းတဲ့ဆိုက်ကားကို ဈေးသက်သက်သာသာနဲ့ စီးလို့ရမယ်လေ။

ဖိုးရှုပ်။     ။ ကောင်းလိုက်တဲ့ စိတ်ကူး။ အသံချဲ့စက်ကို တည်ဆဲဥပဒေနဲ့ အညီ အသုံးပြုရမယ်လို့လည်း ကော်မရှင်က ညွှန်ကြားထားတယ် မဟုတ်လား။ အဲဒါဘာလဲ။

သိန်းဂိန်။     ။ အဲဒါကတော့ ရှင်းပါတယ်။ အခု အသံချဲ့စက်ကို ဘယ်နေရာတွေမှာ သုံးခွင့်ပြုနေလဲ ကြည့်လိုက်။ အလှူခံ မဏ္ဍပ်တွေ၊ ထီလှည်းတွေ၊ ဆေးကြော်ငြာတဲ့ ကားတွေ မဟုတ်လား။ ဒါတည်ဆဲ ဥပဒေပေါ့။ ကျုပ်တို့ကလည်း ဘောင်ဝင် အောင် အဲဒီလို ပုံစံတွေနဲ့ပဲ အသံချဲ့စက်ကို အသုံးပြုသွားမှာပါ။ ပြီးတော့ ယာဉ်ပိတ်ဆို့မှု မဖြစ်အောင် တာဝန်ယူ ရမယ် ပြောတယ်။ ဆိုက်ကားတို့ … ထီလှည်းတို့က ဘယ်လိုလုပ် ယာဉ်ပိတ်ဆို့မှာလဲ မဟုတ်ဘူးလား။

ကြွက်စုတ်။     ။ ဒါနဲ့ ဝန်ကြီးချုပ် ဝတ်ထားတဲ့ အဝတ်အစားတွေက လာအို ဝန်ကြီးချုပ် လာတုန်းက ကြိုဆိုတဲ့ အဝတ်အစားတွေ မဟုတ်လား။

ဖိုးရှုပ်။     ။ ဟုတ်သားပဲ … အခုမှ သတိရတယ်။ အဲဒီတုန်းက ဝန်ကြီးအဖွဲ့ရဲ့ ဖက်ရှင်ကို ကြည့်ပြီး မြန်မာဖက်ရှင် လောက တခုလုံး တုန်လှုပ်သွားတယ်လို့ ကြားတယ်။

ဖိုးရှုပ်က ခပ်ပင့်ပင့်ပြောလိုက်ရာ ဦးသိန်းဂိန်မျက်နှာကြီးမှာ ဆေးသကြားရည်စိမ်ထားသော သရက်သီး စိပ်ကြီးကဲ့သို့ ဖြစ်သွားသည်။

သိန်းဂိန်။     ။ ဟီးဟီး … အဲဒီလောက်လည်း မဟုတ်ပါဘူးဗျာ … ဒါ … ပါးပါးလေးပဲ ရှိပါသေးတယ်။

ရုက္ခစိုး။     ။ ဟုတ်တယ် ဦးသိန်းဂိန် … ခင်ဗျားတို့ ဝတ်တဲ့ ဖက်ရှင်မျိုး ဘယ်သူမှ ဝတ်တာ မတွေ့ဘူးလို့တဲ့။

သိန်းဂိန်။     ။ ဒါက ဒီလိုရှိတယ် ဦးရုက္ခစိုးရဲ့ … လာအိုဝန်ကြီးလာရင် သွားကြိုရမယ်ဆိုတာ ကျုပ်တို့ အစက မသိဘူး။ နောက်မှ ချိုကုပ်ဒူးကြီးဆီက အမိန့်လာတော့ တော်တော် အချိန်ကပ်နေပြီ။

ကြွက်စုတ်။     ။ ဟာ … ဒီလောက် အချိန်ကပ်ပြီး စီစဉ်ရတာတောင် တော်တော် စေ့စေ့စပ်စပ် လုပ်နိုင် တယ်နော်။

ကြွက်စုတ်က ထပ်ပင့်ပေးလိုက်သည်။

သိန်းဂိန်။     ။ ဟုတ်ပါ့ဗျာ … အရပ်သား အစိုးရ အဖြစ်ကို အကောင်အထည်ဖော်နေပြီ ဆိုတာ အားလုံး သိအောင် ပြလိုက်နိုင်တာ အမြင်ပဲ မဟုတ်လား။ ကျုပ်တို့ ဘယ်လို ကြိုးပမ်းလိုက်ရတယ် ဆိုတာ သိရင် ခင်ဗျားတို့ ဖျားသွားမယ်။

ဖိုးရှုပ်။     ။ လုပ်ပါဦး ဝန်ကြီးချုပ်ရယ်။ မှတ်သားစရာလေးတွေ ကြားချင်လို့ပါ။

ဖိုးရှုပ်က အငြိမ့်လူပြက်များ ပြောသည့်စကားကို အတုခိုး၍ ပြောလိုက်သည်။

သိန်းဂိန်။     ။ ဒီလိုဗျ … အချိန်က အရမ်းကပ်နေပြီ။ ကျုပ်တို့မှာက တိုက်ပုံနဲ့ ခေါင်းပေါင်းတွေက အဆင်သင့်ရှိတယ်၊ ဒါပေမယ့် ပုဆိုးကျတော့ ကြံ့ဖွတ်ဆင်တွေပဲရှိတယ်ဗျ။ ချိုကုပ်ဒူးကြီးက အဲဒီလို မလို ချင်ဘူး။ သူလိုချင်တာက … တကယ့် အရပ်သား ဝန်ကြီးတွေ ပုံစံပေါ့ဗျာ။ တယောက်တမျိုး ဝတ်ချင်တာ ဝတ်ထားတာမျိုး …။ ဒါပေမယ့် ကျုပ်တို့က စစ်သားစိတ် ကလည်း သိပ်မကုန်သေးတော့ … တမျိုးစီတော့ ဖြစ်မယ် … ဒါပေမယ့် ယူနီဖောင်းလည်း ဖြစ်ရမယ်ပေါ့ဗျာ။ အဲဒီ ဖက်ရှင်ကို စဉ်းစားလိုက်တာ။

ဖိုးရှုပ်။     ။ ဟုတ်မယ်၊ ဟုတ်မယ် … ဖိနပ်တွေက ခုံမြင့်ဖိနပ် ဆင်တူတွေ။ ဘယ်ဖိနပ်ဆိုင်က ဝယ်လိုက်တာလဲ။

သိန်းဂိန်။     ။ ဒါကတော့ ဘယ်ကမှ မဝယ်ပါဘူး။ ဘုန်းကြီးကျောင်းတကျောင်းက သံဃာတော်တွေရဲ့ ဖိနပ်တွေကို သွားခိုးလာတာ။

ရုက္ခစိုး။     ။ တော်တော်ကို ခက်ခက်ခဲခဲပဲနော်။

သိန်းဂိန်။     ။ ခက်ခဲတာတော့ ပြောမနေနဲ့ ဦးရုက္ခစိုးရယ်။ ကျနော်တို့ လိုချင်တဲ့ ပုဆိုးတွေကို အမရပူရက ရက်ကန်းစင်တွေ ကို အပ်တာ … ရက်ကန်းစင်တွေကလည်း လုပ်ပေးပါတယ်။ ဒါပေမယ့် သူတို့လည်း အလုပ်မရတာ ကြာတော့ ရက်ကန်းစင်တွေ ဖုန်သုတ်တာက စလုပ်နေရတာနဲ့ မမီတော့ဘူးပေါ့ဗျာ။

ကြွက်စုတ်။     ။ ဒါဆို ဝန်ကြီးချုပ်တို့ ပုဆိုးတွေက ဘယ်ကရတာလဲဗျ။

သိန်းဂိန်။     ။ အဲဒါပြောချင်လို့ … ကျုပ်တို့ ဘယ်လို ဖြတ်ထိုးဉာဏ် ကောင်းတယ်ဆိုတာ နောင်လာ နောက်သားတွေ အတုယူ ရအောင် …။ သိပ်မခက်ပါဘူး … ကျုပ်တို့ မိန်းမတွေရဲ့ ကြိုးကြီးချိတ် ထဘီတွေကို အထက်ဆင့်ဖြုတ် ဝတ်လိုက်တာပါပဲ။ လှတယ် မဟုတ်လား။ ကျုပ်တော့ ဟိုတယောက်ဝတ်တဲ့ မရမ်းရောင်ဆင်လေး တော်တော်သဘောကျတယ်။

ဖိုးရှုပ်။     ။ ဝန်ကြီးကတော်တွေက သူတို့ ထဘီတွေကို ကြည်ကြည်ဖြူဖြူကော ပေးရဲ့လားဗျ။

သိန်းဂိန်။     ။ သူတို့ ဘယ်သိမလဲ။ သူတို့က မင်းသမီးတွေ၊ လေယာဉ်မယ်တွေနဲ့ ဘောလုံး ချိန်းကန် ဖို့ရှိတယ်ဆိုပြီး  ဘောင်းဘီတိုတွေနဲ့ ထရိန်နင်ဆင်းဖို့ ဘောလုံးကွင်းထဲ ဆင်းသွားကြတဲ့အချိန်မှာ ကျုပ်တို့က သူတို့ထဘီတွေ ဝင်ယူခဲ့တာ။

ကြွက်စုတ်။     ။ တကယ်ကို မှတ်သားစရာပဲကိုး။ ချိုကုပ်ဒူးကြီးကတော့ အရမ်းသဘောကျမှာပဲ။

သိန်းဂိန်။     ။ သဘောကျသလားတော့ မမေးနဲ့။ ဖုန်းထဲကနေ ကျုပ်ကို ချီးကျူးတယ်။ ကျုပ်တို့က ရိုးရာ မဖျက်တဲ့ အရပ်သားအစိုးရ အစစ်တဲ့ဗျ။

ဖိုးရှုပ်။     ။ မြန်မာဆန်ဆန် ခေါင်းပေါင်းနဲ့ ကြိုးကြီးချိတ်နဲ့မို့လို့ ရိုးရာ မဖျက်ဘူးပြောတာလား။

သိန်းဂိန်။     ။ ဘယ်ကလာ … စစ်တပ်ရိုးရာ ပုံစံမဖျက်တာကို ပြောတာ။ တွေ့တယ်မဟုတ်လား … သတိ အနေအထား တန်းစီထားတာ ညီနေတာပဲ။

ရုက္ခစိုး။     ။ ဒါနဲ့ ချိုကုပ်ဒူးကြီးက ဘယ်သွားတာလဲဗျ။ အသံ တော်တော် တိတ်နေတယ်။

သိန်းဂိန်။     ။ ဆုသွားယူတာ … ကမ္ဘာ့ဆိုးပေကြီးများထဲမှာ တတိယ အဆင့်ချိတ်လို့လေ။ သူပြန်လာရင် ပါတီပေးမယ်တဲ့။ မနှစ်က အဆင့် ၄ ချိတ်နေရာကနေ … အခု ၃ ဖြစ်သွားလို့တဲ့။ ကဲ အချိန်ရှိတုန်း စည်းရုံးရေး ခရီး ဆက်လိုက်ဦးမယ်ဗျို့ …။

ပြောပြောဆိုဆို ဦးသိန်းဂိန်က ကက်ဆက်ခလုပ်ကို ထောက်ခနဲ ဖွင့်ကာ ထီလှည်းကို ဟန်ပါပါ တွန်းရင်း ထွက်သွား သောကြောင့် ဦးရုက္ခစိုးတို့ သုံးဦးသား ပါးစပ်အဟောင်းသားဖြင့် ကျန်ခဲ့တော့၏။

“စိမ်း … သရဖူစိမ်းရယ် … စိမ်း … သရဖူ စိမ်းရယ်” ဆိုသည့် သီချင်းသံ တသံသာ သူတို့နားတွင် လွင့်ပျံ့ ကျန်ခဲ့လေတော့သည်။

“ထွေရာလေးပါး” သည် Satire ခေါ် သရော်စာ ကဏ္ဍ ဖြစ်ပါသည်။ သတင်းမှန်များအပေါ် အခြေခံ ရေးသားထားခြင်း မဟုတ်ပါ။

May 2024
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
Photobucket

OUR LOGO

Photobucket

"တပ်မတော် အပေါ်မှာ စိတ်ကောင်း စေတနာကောင်း ကလွဲပြီး ဘယ်လိုမှ သဘော မထားပါဘူး။ အဲဒီ အစွဲဟာ ဒီတပ်မတော်ဟာ ကျမ ဖေဖေ တည်ထောင်ခဲ့တဲ့ တပ်မတော် ဖြစ်နေတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်"

လာလည်ကြသူများ

ဘယ်နိုင်ငံက လာကြသလဲ

Enter your email address to subscribe to this blog and receive notifications of new posts by email.

Join 4 other subscribers

ရေးပေးခဲ့ချင်တာရှိရင်

ဒီမှာနှိပ်ပြီးရေးပေးခဲ့ပါ View shoutbox
ShoutMix chat widget